စစ်ကောင်စီကစီစဉ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet က ပြောကြားလိုက်ပြီး၊ မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲဝင်နေသူကို လက်နက်ထောက်ပံ့ဖို့ အမေရိကန်က လောလောဆယ် စဉ်းစားထားတာ မရှိသေးဘူးလို့ ပြောကြားပါတယ်။
ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းကို လက်နက်ထောက်ပံ့သလိုမျိုး ထောက်ပံ့ဖို့ မေတ္တာရပ်ခံပေမဲ့ ဒီကိစ္စ လောလောဆယ် မစဉ်းစားဘူးလို့ အတည်ပြု ပြောကြားတာလည်း ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ ဒီလ ၁ဝ ရက်ကနေ ၁၂ ရက်ထိ သုံးရက်ကြာကျင်းပတဲ့ Shangri-La ဆွေးနွေးပွဲ အဲဒီလို ပြောကြားတာပါ။ ကဏ္ဍတရပ်အနေနဲ့ အထွေထွေ အထူးဆွေးနွေးပွဲကို မနေ့ညနေက ကျင်းပချိန်မှာ Myanmar: Finding a way forward ဆိုတဲ့ မြန်မာနိုင်ငံရှေ့ဆက်ရေး နည်းလမ်းရှာခြင်း ဆွေးနွေးခန်း ပါဝင်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ Derek Chollet က ထည့်သွင်းပြောကြားတာလည်း ဖြစ်ပါတယ်။
၂ဝ၂၃ သြဂုတ်မှာ ရွေးကောက်ပွဲအသစ် ကျင်းပမယ်လို့ စစ်ကောင်စီက ကတိကဝတ်ပြုထားတာကို Derek Chollet က လွတ်လပ်ပြီးတရားမျှတမှာ မဟုတ်ဘူးလို့ ထင်တဲ့အကြောင်း ပြောပါတယ်။ တဆက်တည်း ဒေသတွင်းနဲ့ နိုင်ငံတကာကို ကစားပြဖို့ ကြိုးပမ်းချက်သက်သက်ပဲ ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။
တရားမဝင်တဲ့ မဲစာရင်းက နိုင်ငံမတည်မငြိမ် ပိုဖြစ်စေနိုင်တယ်လို့လည်း ပါဝင်ဆွေးနွေးသူ နောက်တဦးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Dr. Noeleen Heyzer ကလည်း ပြောပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကတော့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် မတိုးတက်တဲ့အတွက် အဓိပ္ပါယ်ပြည့်ပြည့်ဝဝနဲ့ အကောင်အထည် ဖော်နိုင်ရေးအတွက် အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ နည်းလမ်းသစ်ဖန်တီးဖို့ လိုအပ်တယ်လို့ ထပ်လောင်း ပြောကြားပါတယ်။
အာဆီယံ - အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံတွေထဲ မလေးရှားနိုင်ငံက မြန်မာ့အရေးကို စိတ်အားထက်သန်တဲ့နိုင်ငံလို့လည်း အကဲခတ်တွေက သုံးသပ်ထားပါတယ်။
အာဆီယံဟာ မူလရေးဆွဲထားတဲ့ အစီအစဉ်ဘက် ပြန်လှည့်ရမှာဖြစ်ပြီး၊ ဒီဘုံသဘောတူညီချက်ငါးရပ် ရရှိရေးအတွက် ပိုမို အသေးစိတ်ကျတဲ့ နိုင်ငံရေးလမ်းညွှန်အစီအစဉ်ကို အကောင်အထည် ဖော်ရမယ်လို့ ပြောပါတယ်။ ဒီလို အကောင်အထည်ဖော်ရာမှာ လူသားချင်းစာနာမှု အကူအညီနဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းကို ထိပ်တန်းဦးစားပေးပြီး၊ သင့်မြတ်လျော်ကန်တဲ့ အချိန်သတ်မှတ်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အာဆီယံဘုံသဘောတူညီချက်ငါးရပ်မှာ အမှန်တကယ် အခရာကျသူမပါတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပါဝင်ရမယ်လို့ ပြောပါတယ်။ ဒီထက်ပိုကျယ်ပြန့်အောင် NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီတို့ပါ ပါဝင်ရမယ်လို့ ပြောပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဟာ ဝါရှင်တန်ဒီစီမှာ ပြီးခဲ့တဲ့မေက ကျင်းပတဲ့ အမေရိကန်-အာဆီယံထိပ်သီးညီလာခံ တက်ရောက်ချိန်တုန်းကလည်း အာဆီယံကို ဒီအတိုင်း အဆိုပြုတဲ့အကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ Willard ဟိုတယ်မှာ မေ ၁၄ ရက် မနက်ပိုင်းမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် သတင်းစာဆရာတွေနဲ့ တွေ့ဆုံချိန်တုန်းကလည်း ပြောကြားခဲ့တာပါ။
အဲဒီအတိုင်းပဲ စင်ကာပူမှာကျင်းပတဲ့ Shangri-La ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားတာလည်း ဖြစ်ပါတယ်။
လူသားချင်းစာနာမှုအကူအညီနဲ့ နယ်ခြားဖြတ်ကျော် အကူအညီပေးရေးကိစ္စတွေမှာလည်း အဟန့်အတား အတားအဆီး အပိတ်အပင် မလုပ်ရဘူးလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါတင်မက ဒီလို အကူအညီပေးရေးလုပ်ငန်းတွေမှာ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေပါ ပါဝင်ရမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံကို အကူအညီပေးရေးအတွက် အာဆီယံက ကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Dr. Noeleen Heyzer ကို မဖိတ်ကြားတဲ့အတွက် မလေးရှားက ဝမ်းနည်းရတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောပါတယ်။
ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက ထွက်ခွာလာကြတဲ့ အရပ်သားတွေ အကာအကွယ် ရရှိဖို့အတွက် အာဆီယံက ဒေသတွင်းချဉ်းကပ်မှုတရပ် ဖော်ဆောင်ရမယ်လို့လည်း ပြောပါတယ်။ ဒီအတွက် IPHRC - OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လူ့အခွင့်အရေး ကော်မရှင်ဆိုင်ရာ လွတ်လပ်သောအဖွဲ့က ဒုက္ခသည်များ ပညာသင်ကြားခွင့်ရေးရာ ညီလာခံကို ကွာလာလမ်ပူမြို့မှာ ဒီနှစ် အောက်တိုဘာမှာ ကျင်းပမယ်လို့ ပြောပါတယ်။
၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ အကြမ်းဖက်မှုတွေကြောင့် နေရပ်ရွှေ့ပြောင်းရသူ ဦးရေဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လူ တစ်သန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ဇွန်လဆန်ပိုင်းမှာ ပြောထားပါတယ်။ မုတ်သုံရာသီလည်း ရောက်နေပြီး လူသားချင်းစာနာရေး အကူအညီမရရှိမှာ စိုးရိမ်ပူပန်ရတယ်လို့လည်း ပြောကြားပါတယ်။