ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လူသတ်မှုနဲ့ တရားစွဲ

RFA Burmese
2024.08.13
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လူသတ်မှုနဲ့ တရားစွဲ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။
INDRANIL MUKHERJEE / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က ဆန္ဒပြပွဲတွေအတွင်းမှာ အာဏာပိုင်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် မဆိုင်တဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာနဲ့ အခြားအာဏာပိုင်တွေကို တာဝန်ရှိသူတွေအဖြစ် စုံစမ်းစစ်ဆေးမှုတွေ စလုပ်ဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ရုံးက မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။

ဒီအမှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် အနည်းဆုံး လူ ၃၀၀ လောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေအတွက် ဝန်ကြီးချုပ်ဟောင်းကို တရားစွဲဆိုခဲ့တဲ့ ပထမဆုံးအမှုဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲတဲ့ ဇူလိုင်လ ၁၉ ရက်က ဒါကာမြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အဘူ ဆာရိဒ် ဆိုသူဟာ လမ်းဖြတ်ကူးနေတုန်း ဆန္ဒပြကျောင်းသားတွေကို ဖြိုခွင်းနေတဲ့ ရဲတပ်ဖွဲ့တွေ ပစ်လိုက်တဲ့ ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရှိတ်ဟာဆီနာဟာ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နှင်းဖို့ တိုက်တွန်းခဲ့တာကြောင့် ဒီသေဆုံးမှုတွေမှာ တာဝန်ရှိတယ်လို့ သေသူကို ကိုယ်စားပြုအမှုဖွင့်တိုင်ကြားတဲ့ အမီရာ ဟမ်ဇာ ဆိုသူက ရိုက်တာကို ပြောပါတယ်။

တရားလိုက သူဟာ သေဆုံးသူရဲ့ မိသားစုဝင်မဟုတ်ဘဲ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာရဲ့ လုပ်ရပ်တွေအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ပထမဆုံး ကြိုးစားတဲ့ သာမန်ပြည်သူတစ်ဦးသာ ဖြစ်ကြောင်း ဒီအမှုပြီးဆုံးတဲ့အထိ ရင်ဆိုင်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီအမှုမှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအပြင် အဝါမီလိဂ်ပါတီ အထွေထွေအတွင်းရေးမှုး အိုဘိုင်ဒု ကွေဒါ၊ ပြည်ထဲရေးဝန်ကြီးဟောင်း အဆာဒူဇ်မန် ခန်နဲ့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်အချို့ကိုပါ တာဝန်ရှိသူတွေအဖြစ် စွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီလို အမှုဖွင့်တိုင်ကြားတာကို လက်ခံလိုက်တဲ့အကြောင်း ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြီးခဲ့တဲ့ ဇူလိုင်လက ဆန္ဒပြလှုပ်ရှားမှုတွေအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပြည်သူပိုင် ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးခဲ့တဲ့သူတွေကိုလည်း ရှာဖွေဖမ်းဆီးပြီး အရေးယူဖို့ တောင်းဆိုတဲ့အကြောင်း X လို့ခေါ်တဲ့ တွစ်တာပေါ်မှာ ရေးသားလိုက်ကြောင်း Indian Express သတင်းစာက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၅ နှစ် ဆက်တိုက် အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာဟာ သူနေထိုင်တဲ့ အိမ်တော်ကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့နောက် သြဂုတ်လ ၅ ရက်က အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ပါတယ်။ အဲဒီနောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရင် မိုဟာမက် ယူနွတ် ခေါင်းဆောင်တဲ့ ကြားဖြတ် အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။