ထောင်တစ်သက်ကနေ ၁၅ နှစ်လျှော့လိုက်တဲ့သူတွေထဲ ဒါရိုက်တာရှင်ဒေဝီ ပါဝင်
2025.01.08
ထောင်ဒဏ်တစ်သက်ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်အဖြစ်လျှော့လိုက်ပါတယ်။ ရှင်ဒေဝီကို ထောင်ဒဏ်လျှော့ပေးလိုက်တာဟုတ်မှန်တယ်လို့ မိသားစု က RFA ကို အတည်ပြုပါတယ်။
၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အဖြစ် နိုင်ငံတစ်ဝန်းမှာ ထောင်ဒဏ်တစ်သက်ချခံထားရတဲ့သူတွေထဲက ၁၄၄ ယောက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) အပိုဒ်ခွဲ (၁) အရ ထောင်ဒဏ် ၁၅ နှစ် လျှော့ပေးလိုက်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၅ ရက်နေ့မှာကြေညာပါတယ်။ အင်းစိန်ထောင်မှာ ထောင်ဒဏ်တစ်သက်ချခံထားရတဲ့သူ ၄၈ ယောက်ရှိပြီး သူတို့ထဲက ၁၄ ယောက်ကို ၁၅ နှစ်အဖြစ် လျှော့ပေးလိုက်တာလို့ RFA ကစုံစမ်းသိရှိရပါတယ်။ အဲဒီလူတွေထဲမှာ ဒါရိုက်တာ ရှင်ဒေဝီလည်းပါဝင်ခဲ့တာပါ။
RFA ရဲ့ပြင်ပဆောင်းပါးရှင်လည်းဖြစ်တဲ့ အသက် ၅၀ အရွယ် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာရှင်ဒေဝီဟာ အွန်လိုင်းကမှာယူထားတဲ့ ရိုက်ကူးရေးဒရုန်းကင်မရာတစ်ခု ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အဝေးပြေးကားဂိတ်မှာသွားယူတဲ့အချိန်မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တာပါ။ အဲဒီနောက် ပုဒ်မ ၅၀ (ည) နဲ့ အင်းစိန်ထောင်တွင်းအထူးတရားရုံးက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက် နေ့မှာ ထောင်ဒဏ်တစ်သက်ချမှတ်လိုက်တာဖြစ်ပါတယ်။
ဒါရိုက်တာ ရှင်ဒေဝီကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ International Coalition for Filmmakers at Risk အန္တရာယ်ကျရောက်နေတဲ့ ရုပ်ရှင်ရိုက်ကူးသူများ ကာကွယ်စောင့်ရှောက်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့၊ International Film Festival Rotterdam ရော့တာဒမ် နိုင်ငံတကာရုပ်ရှင်ပွဲတော်အဖွဲ့၊ International Documentary Film Festival Amsterdam အမ်စတာဒမ် နိုင်ငံတကာ မှတ်တမ်း ရုပ်ရှင်ပွဲတော်အဖွဲ့နဲ့ European Film Academy ဥရောပ ရုပ်ရှင်အကယ်ဒမီတို့က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီးတောင်းဆိုထားပါတယ်။
လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာဌာနကထုတ်လွှင့်ခဲ့တဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်နဲ့လူမှုဘဝ တွေအကြောင်း ရှင်ဒေဝီရဲ့ဗီဒီယိုဆောင်းပါးကို အမေရိကန်အခြေစိုက် ဂရေစီဆုအဖွဲ့ကြီးက ၂၀၂၄ ခုနှစ် အတွက် အကောင်းဆုံးသဘာဝပတ်ဝန်းကျင်ဆိုင်ရာရုပ်သံသတင်းတင်ဆက်မှုဆုချီးမြှင့်ခဲ့သလို၊ ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာအမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းကပေးအပ်တဲ့ Wallis Annenberg လို့ခေါ်တဲ့ အမျိုးသမီးသတင်းသမားဆုကိုလည်း ရှင်ဒေဝီရရှိခဲ့ပါတယ်။