အာဆာလို့ယူဆရသူတွေရဲ့ပစ်ခတ်မှုကြောင့် စစ်သား တစ်ဦးနဲ့ အရပ်သား နှစ်ဦး သေဆုံး

မေစိုး(ဝါရှင်တန် ဒီစီ)
2021-03-06
Share

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းမှာ နယ်စပ်ခြံစည်းရိုးကာနေတဲ့ အမှတ် (၉၄၂) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့က ဒုအရာခံဗိုလ် သက်ထွန်းအောင်နဲ့ အရပ်သား အလုပ်သမား နှစ်ဦးတို့ဟာ မနေ့နေ့ လယ်က သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပါတယ်။

သူတို့ဟာ နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် (၄၅) ကင်းစခန်းမှာ သဲယူဖို့ကားနဲ့သွားရာကနေ အပစ်ခံရတာလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က RFA ကို ပြောပါတယ်။

“မိုင်တိုင်- ၄၅ မှာ နယ်စပ်ခြံစည်းရိုး ကာနေကြတာ။ အဲဒီမှာ သဲကုန်သွားလို့ဆိုပြီး မိုင်တိုင်- ၄၅ ကနေ အဲဒီနားက အောင်ဇံရွာကို သဲသွားတိုက်နေချိန်မှာ လမ်းမှာအပစ်ခံရတာ။ ကားပေါ်ပါလာတဲ့ သုံးယောက် စလုံး သေသွားတယ်”

ပစ်ခတ်ခံရပြီး ၃ နာရီလောက်အကြာမှာ အမှတ်(၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရဲအင်အား ၃၀ လောက်နဲ့ လိုက်လံရှင်းလင်းခဲ့ရာမှာ သူတို့ သုံးဦးစလုံးကို ကားပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ကြရတာပါ။

သေဆုံးသွားတဲ့အထဲက အရပ်သားတွေဖြစ်ကြတဲ့ အလုပ်သမားနှစ်ဦးဟာ ကိုင်းကြီးကျေးရွာက အသက် ၁၈ နှစ်အရွယ် ကိုဌေးဝင်းနဲ့ ဘောင်းရွာက အသက် ၁၇ နှစ်အရွယ် ကိုစံရန်း တို့ဖြစ်ပါတယ်။

သူတို့ဟာ လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက နယ်စပ်ခြံစည်းရိုးကာရံတဲ့အလုပ်မှာ ဝင်ရောက်လုပ်ကိုင်ပြီး မိသားစုကို ကူညီထောက်ပံ့နေကြသူတွေဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းသန်းကတော့ မနေ့က တိုက်ခိုက်ခဲ့သူတွေဟာ အာဆာအဖွဲ့ဝင် တွေလို့ ယူဆရကြောင်း RFA ကို ပြောပါတယ်။

“အာဆာလို့ ယူဆရတဲ့အဖွဲ့က သတ်သွားတာ။ ပစ်ခတ်ခံရတာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေတော့ မဟုတ် ဘူး။ ခြံစည်းရိုးတွေ ဘာတွေလုပ်နေတဲ့ အဖွဲ့တွေပေါ့။ နယ်စပ်မှာက ခြံစည်းရိုးလုပ်နေတဲ့အဖွဲ့တွေက ရှိပြီးသား၊ ဒါတွေက လုပ်နေကျပေါ့။ အဲလိုလုပ်နေတာကို အာဆာလို့ ယူဆရတဲ့ကောင်တွေက ချောင်းပြီး တော့ပစ်တာပေါ့”

အခုလို တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ဘာတွေဆက်လုပ်နေသလဲလို့ ဗိုလ်မှူးကြီး မင်းသန်းကို RFA က မေးမြန်းရာမှာ နောက်ဆက်တွဲ ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေကို သူ့အနေနဲ့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

သေဆုံးသူ သုံးဦးရဲ့ ရုပ်အလောင်းကို ဘူးသီးတောင်အခြေစိုက် တပ်မတော်ဆေးရုံကို မတ်လ ၅ ရက်နေ့က ပို့ဆောင်ထားပြီး နောက်နေ့မနက်မှာတော့ မိသားစုဝင်တွေက အဲဒီတပ်မတော်ဆေးရုံကို လိုက်သွားကြ ပါတယ်။

ကိုင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းချိုက ဒေသခံတွေဟာ အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှု၊ ရန်ပြုမှုတွေ ကို မကြာခဏကြုံတွေ့နေကြရတယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ တန်ဆောင်မုန်းလတုန်းကလည်း မောင်တောမြောက်ပိုင်းမှာ ကားမိုင်းခွဲခံရလို့ ခရေမြိုင်ရွာက မိသားစုတွေ သေဆုံးခဲ့ရတယ်။ မောင်တောတောင်ဘက်ပိုင်း အင်းဒင်မှာလည်း ဝါးခုတ်သွားတဲ့ အမျိုးသား နှစ်ယောက် အဖမ်းခံရတယ်။ ဓားနဲ့ အခုတ်ခံရတယ်။ သေတော့ မသေခဲ့ဘူး။ နောက်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ဥဒေါင်းရွာက သုံးယောက် အဖမ်းခံရတယ်။ တောထဲမှာသွားပြီးတော့ ကိုင်းထောင်တာ အဲဒီဖြစ်ရပ်လည်းရှိတယ်။ အဲဒါလည်း အာဆာအဖွဲ့ လက်ချက်ပါပဲ။ အခုတစ်ခါလည်း သုံးယောက် အသတ်ခံရတယ်။ ဒါကတော့ မောင်တော မြောက်ပိုင်းပေါ့။ အဲလိုပဲ အာဆာရဲ့ အန္တရာယ်ကို အမြဲတမ်း ကြုံတွေ့နေကြရတယ်။ အခုက နိုင်ငံရေးအခြေအနေကလည်း မတည်ငြိမ်ဆိုတော့ ကျွန်တာ်တို့မှာက ဘယ်လိုပြောရမလဲ ကျွန်တော်တို့ရဲ့ လုံခြုံရေးအခြေအနေက မကောင်းဘူးပေါ့။ စိုးရိမ်စရာရှိတာပေါ့”

ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေက မောင်တောဒေသမှာ အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှုကို အကြောင်းပြုပြီး မြန်မာအစိုးရက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ ရွာအများအပြား မီးလောင်ဆုံးရှုံးခဲ့ရပြီး သိန်းနဲ့ချီတဲ့ မွတ်စလင်တွေဟာလည်း တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြရပါတယ်။

အဲဒီဖြစ်ရပ်တွေနောက်ပိုင်း ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ အာဆာအဖွဲ့က မြန်မာအစိုးလုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကို တိုက်ခိုက်တဲ့ဖြစ်စဉ်နှစ်ကြိမ် သုံးကြိမ်ခန့်လောက်သာ ရှိခဲ့ပေမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းကနေစပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေရော အရပ်သားတွေကိုပါတိုက်ခိုက်တဲ့ အာဆာအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို မကြာခဏတွေ့လာ ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့