ရွှေဘိုမှာ စစ်ကြောင်းဝင်လာချိန် ဒေသခံ ငါးဦး သတ်ဖြတ်ခံရ
2024.11.13
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်က ၁၁ ရက်အကြာ စစ်ကြောင်းထိုးချိန် ဒေသခံ ငါးဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းတွေကို စစ်ကြောင်းမရှိတော့ချိန်မှ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြောပါတယ်။
အင်အား ၁၃၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ရွှေဘိုမြို့ အနောက်ဘက်က အိုးဘိုနဲ့ ချီပါရွာတွေကို အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
ရွှေဘိုမြို့ကို စစ်ကြောင်းပြန်ဆုတ်သွားချိန်မှပဲ သတ်ဖြတ်ခံရတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာလို့ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းပြန်ခေါက်ပြီး နောက်ရက် နယ်မြေရှင်းလင်းရေးတွေ လုပ်တော့တွေ့တာ။ အိုးဘိုရွာရဲ့ အနောက်ဘက် မူးဘောင်ပေါ်မှာ အလောင်းက လေးလောင်း တစ်နေရာရယ်၊ တစ်လောင်း တစ်နေရာရယ် ငါးလောင်းပေါ့ဗျာ။ ခေါင်းတွေကတော့ ရှာမရဘူးဗျ။ အကုန်လုံးကို ပုတ်နေပါပြီ။ ဒါပေမဲ့ တော်လှန်ရေး အဖွဲ့အစည်းထဲကတော့ မဟုတ်ဘူးဗျ။ ကျားမကို ခွဲလို့ မရဘူး။ ဖြစ်နိုင်ချေက ယောကျ်ားတွေချည်းပဲ ဖြစ်နိုင်တယ်။ အလောင်းတွေက ကောက်လို့မရတော့ အဲ့နေရာမှာပဲ ဆီလောင်းပြီး မီးသင်္ဂြိုဟ်လိုက်ရတယ်”
အိုးဘိုရွာမှာ စစ်ကောင်စီစစ်ကြောင်း နှစ်ရက်ဝင်ရောက်ပြီးနောက် အောက်တိုဘာလ ၃၀ ရက်နေ့ ချီပါရွာဘက်ကို အထွက်မှာ သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
စစ်ကြောင်းဟာ ချီပါရွာမှာ နိုဝင်ဘာလ ၇ ရက်နေ့အထိ ဝင်ရောက်တပ်စွဲခဲ့ပြီး အဲဒီအတောအတွင်း ကာကွယ်ရေးအဖွဲ့တွေနဲ့ နှစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို ချီပါ (မြောက်) ရွာက နေအိမ်သုံးလုံး မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ကြောင့် လူပေါင်း ၄၄၄ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲက ၁၂၉ ဦးဟာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။