ရွှေကျင်နဲ့ ကျောက်ကြီးမှာ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် လေးဦးဒဏ်ရာရ

ပဲခူတိုင်း၊ ညောင်လေးပင်ခရိုင် ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းကြောင့် လသားအရွယ်ကလေး အပါအဝင် လေးဦဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးအသားအစည်းအရုံး (KNU) က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၇ ရက်ညပိုင်း စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ ၈၁ (မမ) လက်နက်ကြီးကျည်သုံးလုံး ရွှေကျင်မြို့နယ် ဆုံကုန်းရွာ ကျေးလက်ကျန်းမာရေးဆေးခန်းကို ကျရောက်ပေါက်ကွဲတာကြောင့် ကျန်းမာရေးဆရာမရဲ့ လသားအရွယ် ကလေးနဲ့ ဆေးပေးခန်းအနီးက အသက် ၁၄ နှစ်အရွယ် မမိုးသီသီစန်းတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ကျောက်ကြီးမြို့နယ်မှာလည်း စစ်ကောင်စီတပ် ခမရ (၃၀၇) က ပစ်လိုက်တဲ့ ၁၂၀ (မမ) လက်နက်ကြီးကျည် ရွာသစ်ရွာ ဘုန်းကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၆ နှစ်အရွယ် မောင်ကျော်သူစိုး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောက်ကြီးမြို့နယ်ထဲက ခုံမြောက်ရွာခံ အသက် ၂၁ နှစ်အရွယ် မမျိုးသူဇာဝင်းလည်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့ တုံးတောစခန်းအနီးမှာ မိုင်းနင်းမိတာကြောင့် ညာဘက်ခြေထောင်တစ်ဖက် ဖြတ်ခဲ့ရတယ်လို့ KNU က ပြောပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေး ဦးတင်ဦးကတော့ ကျောက်ကြီးနဲ့ ရွေကျင်မြို့နယ်တွေမှာ PDF ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ အရပ်သားတွေ ဒဏ်ရာရတာဖြစ်ပြီး စစ်တပ်ဘက်က ပစ်ခတ်ခဲ့တာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ သုံးနှစ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်းအရပ်သား ၁၂၅၄ ဦး သေဆုံးပြီး ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။