အင်းစိန်ထောင် အသံတိတ်သပိတ် ဖြိုခွင်းခံရပြီး တိုက်ပိတ်ခံရကြောင်း ထောင်နဲ့နီးစပ်သူတွေပြော

2021.12.13
အင်းစိန်ထောင် အသံတိတ်သပိတ် ဖြိုခွင်းခံရပြီး တိုက်ပိတ်ခံရကြောင်း ထောင်နဲ့နီးစပ်သူတွေပြော အင်းစိန်အကျဉ်း‌ထောင်ဝန်ထမ်းအချို့ကို ၂၀၂၁၊ အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: MPA

ရန်ကုန် အင်းစိန်ထောင်မှာ အသံတိတ်သပိတ်ပြုလုပ်ခဲ့တဲ့ အကျဉ်းသား၊ အချုပ်သားတွေကို စစ်ကောင်စီက ရိုက်နှက်နှိပ်စက်တာတွေ ရှိခဲ့တဲ့အပြင် သပိတ်ဦးဆောင်သူတွေကို တိုက်ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံအနှံ့ အပြားမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်ဆင်နွှဲခဲ့သလို အင်းစိန်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေလည်း အသံတိတ်သပိတ်မှာ ပါခဲ့ကြပါတယ်။

အဲဒီနေ့က အသံတိတ်သပိတ်မှာ ပါဝင်တဲ့သူ အယောက် ၁၀၀ လောက်ကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် ထိခိုက်ဒဏ်ရသူတချို့ ထောင်တွင်းဆေးရုံမှာ ကုသနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေရဲ့ပြောစကားကို ကိုးကားပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က RFA ကို ပြောပါတယ်။

"သူတို့က ဝင်ပြီးတော့ နှိပ်ကွပ်တာ ဖိနှိပ်တာပေါ့။ နှိမ်နင်းခံရတဲ့ အထဲမှာတော့ ၁၀၀ ပတ်ချာလည် လောက်တော့ ပါတယ်။ ဒါပေမဲ့ သူတို့က ဘာရွေးထုတ်လည်းဆိုတော့ ဘယ်သူခေါင်းဆောင်လဲ၊ ခေါင်းဆောင်တဲ့သူတွေကို ရွေးထုတ်တယ်။ ဦးဆောင်ဦးရွက်လုပ်တဲ့သူတွေကို သူတို့တိုက်ပိတ်တယ်လို့ ဦးထွန်းကြည်တို့ သိထားတယ်။ သူတို့ ဒီလိုနှိမ်နင်းတဲ့အခါမှာ ထိခိုက်ဒဏ်ရာ အနာတရတွေရှိတယ်။ ဒဏ်ရာရတဲ့သူတွေရှိတယ်၊ အဲဒါကိုတော့ ထောင်ဆေးရုံမှာ သူတို့တင်ထားတယ် အရေအတွက် အတိအကျ ကိုတော့ ဦးတို့ စုံစမ်းနေပါတယ်"

နိုင်ငံရေးအကျဉ်းသားတွေဟာ အဲဒီနေ့က ထောင်တွင်း အသံတိတ်သပိတ် ပြုလုပ်တဲ့အနေနဲ့ မနက်ခင်း တန်းစီပြီးတာနဲ့ အိပ်ဆောင်တွေထဲမှာပဲ နေကြတာ၊ အခန်းပြင်ထွက်ချိန်တွေမှာလည်း အခန်းထဲမှာပဲ နေကြတာ၊ ထမင်းစားချိန်မှာတောင်မှ ထွက်တန်းမစီတာထိ ပြုလုပ်ခဲ့ကြပြီး၊ ညနေပိုင်းမှာတော့ သွေးသစ္စာ သီချင်းကို သံပြိုင်ဆိုခဲ့ကြတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကမှ အင်းစိန်ထောင်က ပြန်လွတ်လာတဲ့ မပွင့် လို့ အမည်လွှဲပေးထားတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းလည်း ထောင်တွင်း သတင်းရင်းမြစ်တွေရဲ့ စကားကို ကိုးကားပြီး အခုလို ပြောပါတယ်။

"သူတို့က တန်းဖွင့်ချိန် တန်းပိတ်ချိန်ရှိတာကိုး။ တန်းပိတ်ချိန်ဆို ညီမတို့က အပြင်ထွက်ရတယ်။ အဲဒီ အချိန်တွေပါ သူတို့တွေက အခန်းအပြင်မထွက်ဘဲနဲ့ လုံးဝကို Slient Strike လုပ်တယ်။ တစ်နေကုန် အပြင်မထွက်ဘူး စကားမပြောဘူး ညနေပိုင်းမှ သီချင်းဆို လက်ခုတ်တီးပြီး ထွက်လာကြတယ်။ လေးနာရီ ကျော်နောက်ပိုင်းမှာ ထောင်ပိုင်နဲ့ ဝန်ထမ်းတချို့က မိန်းရှေ့ကို ဆွဲထုတ်ပြီးတော့ ရိုက်တာတွေ၊ ဖမ်းခံ ရတာတွေ အဲဒါမျိုး ၉၃ ယောက်လောက် ရှိတယ်လို့ ကြားတယ်။ နောက်တစ်ခုက သီးသန့်ဆောင်က အဆောင်၂ က အဖမ်းခံရတာ ပိုများတယ်။ တရားစခန်းဘက်က အဆောင်ကလည်း ပါတယ်လို့ပြောတယ်။ ရိုက်ခံရတဲ့သူတွေကလည်း ဒဏ်ရာတော်တော် ထိတဲ့သူတွေရှိတယ်လို့ ကြားတယ်၊ တချို့တွေဆို သွေးထွက်သံယိုတွေ ဖြစ်တယ်။ ပါးစပ်တွေကရော နားတွေကရော သွေးထွက်တယ်ဆိုတဲ့ အဆင့်ထိပါ ကြားတယ်"

innsein-prison-gate.jpg
(ရန်ကုန် အင်းစိန်အကျဉ်းထောင်အဝင်ပေါက်ကို ၂၀၂၁၊ အောက်တိုဘာ ၁၈ ရက်နေ့က တွေ့ရစဉ် )

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သူက ပြောရေးဆိုခွင့်ရှိသူ မဟုတ်တော့တဲ့အတွက် ဆိုပြီး ပြောဆိုဖို့ ငြင်းဆန်ပါတယ်။

အင်းစိန်ထောင်သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အင်းစိန် ထောင်မှာ အခုလို ဆန္ဒပြပွဲဖြစ်စဉ်တွေမရှိခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

"ဘာမှမဖြစ်ခဲ့ပါဘူး။ ရေးချင်တဲ့သူတွေက ရေးနေတာပါ"

ထောင်တွင်း ဆန္ဒပြပွဲတွေဟာ အပြင်မှာထက် ပိုအန္တရာယ်များပြီး ဖြစ်လာရင်လည်း ဖိနှိပ်ခံရတဲ့အတွက် အပြင်မှာရှိနေတဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်းတောင်းဆိုပေးဖို့လိုတယ်လို့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အင်းစိန်ထောင်ကနေ ပြန်လွတ်ခဲ့တဲ့ အလွတ်သတင်းထောက် ကိုစိုးရာဇာထွန်း က ပြောပါတယ်။

"ဒီလိုပေါ့ဗျာ Silent Strike လုပ်တယ်ဆိုတာ ထောင်ထဲမှာ လုပ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ ကျနော်ကတော့ သူတို့သိလို့ရှိရင် ပြစ်ဒဏ်တစ်ခုခု ကျမယ်လို့ ယူဆတယ်၊ စိုးရိမ်တာပေါ့။ ရှေ့နေတွေ လည်း ကူလို့မရဘူးလေ သူတို့ အပြစ်ပေးတယ်။ ထိုးတယ်၊ ကြိတ်တယ်၊ ထောင်ထဲမှာ ရိုက်တယ်၊ နှက်တယ် ဆိုတာက ရိုးနေပြီ။ SB တွေ စစ်တဲ့နေရာမှာ သူတို့ကိုခေါ်ပြီး ရိုက်တာဗျ၊ ကျနော်ကိုယ်တိုင် မြင်ခဲ့ရတာတွေ။ အဲဒါတွေက စိတ်မကောင်းဘူး၊ သူတို့တစ်ခုခုတော့ ဖိနှိပ်မှုတော့ ခံရလိမ့်မယ်လို့ ကျနော် ယူဆတယ်။ အဲဒီတော့ အပြင်ကရှိတဲ့ သူတွေက နည်းနည်းလေးတော့ ဖိအားပေးဖို့လိုတာပေါ့ဗျာ"

"အကျဉ်ထောင် အက်ဥပဒေမှာရော အကျဉ်းထောင် လက်ဆွဲဥပဒေမှာရော အကျဉ်သား ဒါမှမဟုတ် အချုပ်သားကို ရိုက်နှက်ရမယ်ဆိုတာ မရှိပါဘူး"

အသံတိတ်သပိတ်ကို ရိုက်နှက်ဖြိုခွင်းတာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။

"ခေတ်အဆက်ဆက် အကျဉ်းထောင်မှာ အသံတိတ်ဆန္ဒပြတာ ရှိမယ်၊ အစာငတ်ခံဆန္ဒပြတာရှိမယ်၊ ဆူပူပြီးဆန္ဒပြတာရှိမယ်၊ သို့သော် အဓိကရုဏ်း ပုံစံမျိုးမဟုတ်ဘူးဆိုရင် ရိုက်နှက်ခွင့်မရှိပါဘူး။ အကျဉ်ထောင် အက်ဥပဒေမှာရော အကျဉ်းထောင် လက်ဆွဲဥပဒေမှာရော အကျဉ်သား ဒါမှမဟုတ် အချုပ်သားကို ရိုက်နှက်ရမယ်ဆိုတာ မရှိပါဘူး။ သာမန်အသံတိတ်သပိတ်မှာ ပါရုံသက်သက်နဲ့တော့ ရိုက်နှက်ဖြိုခွင်းတယ်ဆိုတာကတော့ အဓိကရုဏ်း ဥပဒေအရရော အကျဉ်းထောင် ဥပဒေအရရော မညီညွတ်ဘူးလို့ပဲ ပြောရမှာပဲ"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ အကျဉ်းထောင်ထဲ ရောက်နေသူတွေဟာလည်း လူသားတွေဖြစ်တဲ့အတွက် လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် အခြေခံလူ့အခွင့်အရေးတွေ ရသင့်တယ်လို့ RFA ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှာလည်း အသံတိတ်သပိတ် ဆင်နွှဲခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်းသားတွေကို ချန်လှပ်ပြီး ရာဇဝတ်အကျဉ်းသားတွေ ကိုသာ လွှတ်ပေးတာ၊ ဆေးကုသခွင့် အပြည့်အဝမရတာနဲ့ ထောင်စည်းကမ်းတွေ တင်းကျပ်လာတဲ့ အခြေအနေတွေကြောင့် အင်းစိန်ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေက ထောင်တွင်းဆန္ဒပြပွဲတစ်ခု ဆင်နွဲခဲ့ပါတယ်။

အဲဒီတုန်းကလည်း အကျဉ်းထောင်ထဲမှာ ရိုက်နှက်ဖြိုခွင်းခံခဲ့ရသလို အကျဉ်းသား ၂၀ လောက်ဟာလည်း တိုက်ပိတ်ပြီး ပြစ်ဒဏ်ပေးခံခဲ့ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။

ဒါအပြင် ကိုဗစ်ကပ်ရောဂါ အကြောင်းပြပြီး တရားရုံးမထုတ်ဘဲ ထားတာကြောင့် ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်တွေ ဆုံးရှုံးခဲ့ပြီး ထောင်တွင်း အကြောင်းအရာတွေကို ပြင်ပကမသိနိုင်ဖို့ သတင်းအမှောင်ချပြီးနောက် ထောင်တွင်း အကျဉ်းသားတွေကို စည်းကမ်းတွေ ပိုမိုတင်းကျပ်ထားတာတဲ့ အခြေအနေတွေထိ ရှိခဲ့တယ်လို့ အကျဉ်းထောင် ထဲက ပြန်လွတ်လာသူတွေက ပြောဆိုကြပါတယ်။

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံး အထိမ်းအမှတ်နေ့ အဖြစ် ထောင်တွင်း ဆန္ဒပြတောင်းဆိုမှုမှာ ရိုက်နှက်ခံရတာကြောင့် အကျဉ်းသား သုံးဦး ဆေးရုံတက် ကုသ ခဲ့ရပြီး နောက်ထပ် ၃၇ ဦးကတော့ နှစ်ပတ်တာ တိုက်ပိတ်ပြစ်ဒဏ်ခံခဲ့ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ တွေက ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။