စစ်ကောင်စီအတွက် လက်နက်ပစ္စည်းပေးပို့တာ မရှိကြောင်း စင်ကာပူငြင်းဆို

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ၊ ကုန်ကြမ်းပစ္စည်းတွေကို စင်ကာပူနိုင်ငံကတစ်ဆင့် လွှဲပြောင်းသယ်ယူဖို့ ခွင့်ပြုထားတာ မရှိဘူးလို့ စင်ကာပူအစိုးရက ငြင်းဆိုလိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၃ နိုင်ငံက ကုမ္ပဏီ ၄၅ ခုကျော်ဟာ စစ်ကောင်စီ လက်နက်ထုတ်လုပ်နိုင်အောင် ပံ့ပိုးပေးနေပြီး၊ စင်ကာပူဟာ အဲဒီကုန်ကြမ်းတွေ သယ်ယူပို့ဆောင်ရာ မဟာဗျူဟာမြောက်လမ်းကြောင်း ဖြစ်နေတယ်လို့ ကုလသမဂ္ဂအရာရှိဟောင်းတွေ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ (SAC-M) က အစီရင်ခံစာထုတ်ပြန်လိုက်တဲ့အပေါ် စင်ကာပူအစိုးရက ငြင်းလိုက်တာပါ။

မြန်မာနိုင်ငံတွင်းကို စစ်လက်နက်တွေမရောက်အောင် ပိတ်ပင်ဖို့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို စင်ကာပူအစိုးရက မဲပေးထောက်ခံထားပြီး ဖြစ်တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူက ပြောပါတယ်။

000_326Z3HV.jpg
Members of the Myanmar military take part in a parade to mark the country's 77th Armed Forces Day in Naypyidaw on March 27, 2022. (Photo by AFP) (STR/AFP)

စင်ကာပူအစိုးရအနေနဲ့ ကုလအရာရှိဟောင်းတွေရဲ့ အစီရင်ခံစာမှာ ထောက်ပြထားတာတွေကို စုံစမ်းစစ်ဆေးနေပြီး၊ အဲဒီလို ဥပဒေချိုးဖောက်တဲ့ ကုမ္ပဏီတွေရှိရင် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

ကနဦးတွေ့ရှိချက်တွေအရ အစီရင်ခံစာမှာပါတဲ့ အချက်တွေဟာ စစ်ကောင်စီအာဏာမသိမ်းခင်က စင်ကာပူနဲ့ မြန်မာအကြား စီးပွားရေးလုပ်ခဲ့တဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရက CNA သတင်းဌာနကို ပြောပါတယ်။

စစ်ဘက်သုံးလက်နက်တွေကို လက်နက်မဲ့ အရပ်သားပြည်သူတွေ နှိမ်နင်းရာမှာ အသုံးပြုနိုင်တာကြောင့် အန္တရာယ်များတယ်လို့လည်း သူက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမနီ၊ ဩစတြေးလျ၊ ရုရှား၊ တရုတ်၊ အစ္စရေး၊ ယူကရိန်း၊ အိန္ဒိယ၊ တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ စင်ကာပူစတဲ့ နိုင်ငံတွေမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေကနေ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) ကို အထောက်အကူပြုပစ္စည်းတွေ ရောင်းပေးနေတာလို့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။