စင်ကာပူကြက်ခြေနီအသင်းက မြန်မာ့ရေဘေးအတွက် ဒေါ်လာငါးသောင်း ထောက်ပံ့
2024.09.20
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူတွေအတွက် သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဖို့ ဒေါ်လာ ငါးသောင်း (၅၀,၀၀၀) ပေးပို့သွားမယ်လို့ စင်ကာပူ ကြက်ခြေနီအသင်း (SRC) က စက်တင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကိုလည်း သြဂုတ် ၂၉ နဲ့ စက်တင်ဘာ ၁၂ ရက်တို့မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအတွက် ဒေါ်လာ ငါးသောင်းစီ ပေးသွားမယ်လို့ SRC က ကြေညာခဲ့ပြီး အခုနောက်ဆုံးအနေနဲ့ မြန်မာကိုပါ ပေးအပ်သွားမှာ ဖြစ်တယ်လို့ The Straits Times သတင်းက ဖော်ပြပါတယ်။
မြန်မာက ရေဘေးအဆိုးရွားဆုံးခံရတဲ့ ဒေသတွေက ပြည်သူတွေအတွက် အစားအစာ၊ ရေသန့်၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေနဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ပေးပို့သွားမယ်လို့ SRC က ပြောကြားခဲ့ပြီး သန့်ရှင်းတဲ့သောက်ရေ အရေးပေါ် လိုအပ်နေတာကြောင့် လာမဲ့ ရက်သတ္တပတ်တွေအတွင်း ရေစစ်တွေလည်း ပေးပို့သွားမယ်လို့လည်း ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့နဲ့ ဘေးဒဏ်အဆိုးရွားဆုံးခံရတဲ့ ဒေသတွေကို အရေးပေါ်အကူအညီတွေပေးဖို့ အဖွဲ့တစ်ဖွဲ့ကို ရန်ကုန်ကို စေလွှတ်ဖို့ စီစဥ်နေတယ်လို့လည်း စင်ကာပူ ကြက်ခြေနီအသင်းက ဆိုပါတယ်။
အရှေ့တောင်အာရှက ရေဘေးသင့်နိုင်ငံတွေကို ကူညီဖို့ စင်ကာပူနိုင်ငံသားတွေအနေနဲ့ အလှူငွေတွေ ထည့်ဝင်ကြဖို့ မျှော်လင့်ကြောင်းလည်း SRC အကြီးအကဲက ဆိုပါတယ်။
ပြင်းထန်တဲ့ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေကြောင့် အရှေ့တောင် အာရှတစ်လွှားမှာ လူ ၅၀၀ ကျော် သေဆုံးခဲ့ပြီး နေအိမ်တွေ လမ်းတွေနဲ့ တံတားတွေ ပျက်စီးခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရတယ်လို့လည်း သတင်းက ရေးသားထားပါတယ်။