စဥ့်ကူးတိုက်ပွဲမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၅ ဦးကို MDY-PDF နေရပ်ပြန်ခွင့်ပြု

RFA Burmese
2024.08.05
စဥ့်ကူးတိုက်ပွဲမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၅ ဦးကို MDY-PDF နေရပ်ပြန်ခွင့်ပြု စဥ့်ကူးမြို့နယ် တိုက်ပွဲတွေအတွင်း ပိတ်မိနေခဲ့သည့် တရုတ်နိုင်ငံသားများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က နေရပ်ပြန်ပို့ပေးခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ထားစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

[Update: 10: 05 AM, Aug 6, 2024]

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅ ဦးကို နေရပ်ပြန်ခွင့်ပြုခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဩဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံသားတွေကို တွေ့ဆုံစစ်ဆေးပြီးနောက် သူတို့ဆန္ဒအရ နေရပ်ပြန်ခွင့်ပြုခဲ့တာဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့မှာ MDY-PDF ထိန်းချုပ်နယ်မြေအဆုံး တစ်နေရာအထိ လုံခြုံစွာ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

နေရပ်ပြန်ခွင့်ပြုလိုက်တဲ့ တရုတ်နိုင်ငံသားတွေဟာ စဉ့်ကူးမြို့နယ်ထဲက ရွှေလုပ်ငန်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသူတွေလို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။ 

“ကျွန်တော်တို့ နေရပ်ပြန်ခွင့်ပြုလိုက်တဲ့ တရုတ်နိုင်ငံသား ၁၅ ဦးက စဉ့်ကူးမြို့နယ်ထဲက ရွှေလုပ်ငန်း ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့လူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာတော့ နောက်ထပ် ပိတ်မိနေတဲ့ နိုင်ငံခြားသား မရှိတော့ပါဘူးဗျ”

စဥ့်ကူးမြို့နယ်ကို ဇူလိုင် ၁၇ ရက်နေ့မှာ MDY-PDF ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စစ်ကောင်စီကတော့ စဉ့်ကူးမြို့နယ်ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းက မကြာခဏ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MDY-PDF ဟာ တရုတ်စီမံကိန်းဖြစ်တဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်က အယ်လ်ဖာ ဘိလပ်မြေ (Alpha Cement) စက်ရုံကို ဇူလိုင်လအတွင်း သိမ်းပိုက်နိုင်ခဲ့သလို စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်းနီကယ် စက်ရုံကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

(မှတ်ချက် - MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက် ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။