တစ်သက်တာစာပေဆု ရထားတဲ့ စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်း အသက် (၉၃) နှစ်ဟာ ဒီနေ့ ဇူလိုင်လ ၁၅ ရက် မနက် ၁၁ နာရီခွဲမှာ ရန်ကုန်မြို့က သူ့ရဲ့နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ စာပေအသိုင်းအဝိုင်းက သိရပါတယ်။
ဦးကြည်အေး (ခေါ်) ဆင်ဖြူကျွန်းအောင်သိန်းဟာ ၂၀၀၈ ခုနှစ်မှာ တစ်သက်တာ စာပေဆုကို ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ အမျိုးသားစာပေဆုကို ရရှိထားတဲ့ စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်၊ ယမ်းဖိုကျွန်းရွာ ဇာတိဖြစ်တဲ့ သူဟာ ၁၉၅၀ ခုနှစ်မှာ မြေပြင်ပစ် အမြှောက်တပ်ရင်းမှာ သုံးနှစ်ကြာ အမှုထမ်းခဲ့ဖူးပြီး ၁၉၅၁ ခုနှစ်မှာ ရွှေဇင် ဆိုတဲ့ ကလောင်နာမည်နဲ့ ကဗျာတွေ ရေးသားခဲ့ပါတယ်။
အဲဒီနောက် ၁၉၅၂ ခုနှစ်မှာ ဆင်ဖြူကျွန်းအောင်သိန်း အဖြစ် ကလောင်နာမည်ကို သုံးစွဲလာခဲ့ပါတယ်။
စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်းဟာ သူ့သက်တမ်းတစ်လျှောက် ရေးသားခဲ့တဲ့ စာအုပ်ပေါင်း နှစ်ရာကျော်၊ ဝတ္တုဆောင်းပါးပေါင်း သုံးထောင်ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။
