စစ်တွေမြို့နယ်မှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်
2025.02.18

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း AA တပ်ဖွဲ့ဝင်တွေ ရှိနေတယ်လို့ ယူဆရတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့အခြေစိုက် စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ ရွှေမင်းဂံ ရေတပ်နဲ့ မြစ်အတွင်း ရပ်ထားတဲ့ စစ်ရေယာဥ်တွေ ရှိတဲ့နေရာတွေကို AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ကလည်း စစ်တွေ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက AA တပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့နေရာတွေကို အတွဲလိုက် ဒုံးတွေ၊ လက်နက်ကြီးတွေတွေနဲ့ ပစ်ခတ်တာအပြင် ဂျက်တိုက်လေယာဥ်နဲ့ပါ ပေါက်ကွဲအား ပြင်းတဲ့ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာလို့ စစ်တွေ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ညနေခြောက်နာရီလောက် လက်နက်ကြီးတွေ ပစ်သံတွေ ကြားရတယ်။ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားရတယ်။ စစ်တပ်ကလည်း အတွဲလိုက် ဒုံးတွေနဲ့ပစ်တယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ AA ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တာပေါ့။ ပြီးတော့ ညကိုးနာရီလောက်မှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ပေါက်ကွဲအား အတော်ပြင်းတယ်။ ဗုံးကြဲတဲ့နေရာက ဝေးပေမဲ့ မြို့ထဲမှာတောင် လှုပ်ခတ်သွားတယ်”
AA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုများပြီး ဒဏ်ရာရတဲ့ စစ်သားတွေကို ဆေးကုသဖို့အတွက် စစ်တွေမြို့ စစ်ဆေးရုံကို ပို့ဆောင်နေတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့အနီးပတ်ဝန်းကျင်က ရွာတချို့မှာရှိတဲ့ ဒေသခံတွေဟာ AA က စစ်တွေမြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး ပစ်ခတ်မှုတွေစရှိလာတဲ့ ဇန်နဝါရီကတည်းက ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မန်အောင် သုံးမြို့နယ်ကို စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။