စစ်တွေမှာ ဆန်တစ်အိတ် နှစ်သိန်းကျော်အထိ ဈေးတက်နေ
2024.07.01
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကို ကျပ် ၂၃၀၀၀၀ အထိ ဈေးမြင့်တက်နေတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁ ရက်နေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၅၂၀၀၀ ကျပ်နဲ့ရောင်းချဖို့ သတ်မှတ်ထားတာကြောင့် ဆန်းဈေးက ရှစ်သောင်းနီးပါးအထိ ကွာဟနေတာပါ။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ကုန်လမ်း၊ ရေလမ်းအားလုံးနီးပါး ဖြတ်တောက်ခံထားရတာပါ။ ဒါပေမဲ့ စစ်တွေဆိပ်ကမ်းကိုတော့ ရန်ကုန်ကလာတဲ့ ကုန်တင်သင်္ဘောကြီးတွေ တစ်ပတ်တစ်ခါ ဆိုက်ကပ်ပြီး အခြေခံစားကုန်တွေ ပို့ပေးပေမဲ့ ဆန်ဈေးက ကျမသွားဘူးလို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်တွေမြို့မှာ ဆန်ဝယ်ယူလို့ရနေပေမဲ့ ဈေးနှုန်းကြီးမြင့်တာကြောင့် ဆန်ဂိုထောင်တွေမှာ ရောင်းချပေးတဲ့ ဈေးသက်သာတဲ့ ဆန်ကွဲကိုပဲ ဝယ်ယူစားသုံးနေရတယ်လို့ စစ်တွေမြို့မှာ နေထိုင်တဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
“ဆန်စျေးတက်တာက သင်္ဘောဝင်လာရင် နည်းနည်းကျသွားတယ်။ တစ်အိတ်ကို ၂ သိန်းလောက် ဖြစ်သွားတယ်။ ခဏနေရင် ပြန်တက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆန်ကိုချမရောင်းကြဘဲ သိုလှောင်ထားကြတာ များတယ်လေ။ အဲဒါကြောင့် စျေးတက်တာပါ။ မတတ်နိုင်တဲ့ လူတွေဆိုရင် ဆန်ကွဲတွေပဲ ဝယ်စားနေကြရတယ်”
အရည်သွေးကောင်းတဲ့ဆန်တွေက ဈေးနှုန်းကြီးမြင့်တာကြောင့် ဆန်ကြမ်း၊ ဆန်ကွဲတို့နဲ့ ပြန်ရောပြီး ချက်စားရတာတွေလည်းရှိတယ်လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မတတ်နိုင်တဲ့လူတွေက ဆန်ကြမ်းဝယ်စားကြတယ်။ တချို့ဆိုရင် ပေါ်ဆန်းမွှေးနဲ့ ဆန်ကြမ်းရောပြီး ချက်စားကြတယ်”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီကတော့ ဆန်ကို အဆမတန်ဈေးမြှင့်ပြီးရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆန်လုပ်ငန်းရှင် ၁၁ ဦးကိုဖမ်းဆီးထားပြီး ၂၄ ဦးကို ဒဏ်ရိုက်အရေးယူခဲ့တယ်လို့ ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် သုံးဆဝန်းကျင်ထိ မြင့်တက်လာတဲ့ ရွှေ၊ စားသုံးဆီနဲ့ ဒေါ်လာစျေးကို ထိန်းချုပ်ဖို့ စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ ဆိုင်နေရာတွေကို ချိပ်ပိတ်ခဲ့သလို ဇွန်လလယ်ကစပြီး ဆန်စျေးနှုန်းထိန်းချုပ်နိုင်ဖို့ဆိုပြီး ဆန်ကုန်သည်တချို့ကို ဖမ်းဆီးစစ်ဆေးတာတွေ ဆက်လုပ်လာပါတယ်။