မြို့သစ်မြို့နယ် ကနီရွာတွင်းပစ်ခတ်မှု PDF ခြောက်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံး

2022.08.11
Share on WhatsApp
Share on WhatsApp
မြို့သစ်မြို့နယ် ကနီရွာတွင်းပစ်ခတ်မှု PDF ခြောက်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံး မကွေးမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မကွေးတိုင်း မြို့သစ်မြို့နယ်၊ ကနီရွာမှာ ဩဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ တပ်နဲ့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း PDF တပ်ဖွဲ့ဝင်ခြောက်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးသွားတယ်လို့ ဗိဿနိုး PDF က ပြော ပါတယ်။

ဗိဿနိုး PDF အဖွဲ့ဝင် ခြောက်ဦးဟာ ကနီရွာကို ရောက်ရှိနေစဉ် သူတို့တည်းခိုတဲ့အိမ်ကို စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ရာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ ရတာလို့ ဗိဿနိုး PDF ရဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

"ကျနော်တို့ တပ်ဖွဲ့ဝင်တွေက အိမ်ဝိုင်းထဲက အိမ်ရဲ့ အပေါ်ထပ်မှာရှိနေတယ်။ အဲဒါနဲ့ ပိတ်မိသွားတယ်။ ကျနော်တို့ဘက်မှာ ပါတာက M4 သေနတ်တစ်လက်၊ အတိုတစ်လက် ကျနော်တို့ ပါတာလေးနဲ့ ပြန်ခုခံတယ်။ ပြန်ခုခံပေမယ့် အင်အားအလုံးအရင်းနဲ့ ဖိနှိပ်ပြီး ပစ်ခတ်သွားတယ်။ အဲလိုပစ်ခတ်သွားတဲ့အချိန်မှာ ကျနော်တို့ တပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ ကျနော်တို့ကို တည်းခိုခွင့်ပေးထားတဲ့ ပြည်သူတစ်ဦး စုစုပေါင်း ခုနစ်ဦး ကျဆုံးသွား တယ်"

စစ်ကောင်စီတပ်က စစ်ကားလေးစီး၊ အင်အား ၃၀ ကျော်နဲ့ ပိတ်ဆို့ပြီး ပစ်ခတ်ခဲ့တာကြောင့် လွတ်မြောက်အောင် မထွက်နိုင်ဘဲဖြစ်ခဲ့ရတာလို့ သူက ပြောပါတယ်။

PDF တပ်ဖွဲ့ဝင်တွေရဲ့ ခုခံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူးဖြစ်တဲ့ သုံးပွင့်အရာရှိနဲ့ အခြားအဆင့်တပ်ဖွဲ့ဝင် နှစ်ဦးခန့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီကျေးရွာမှာနေထိုင်တဲ့ မျက်မြင်အချို့ကတော့ စစ်တပ်ယူနီဖောင်းနဲ့ ရုပ်အလောင်းတွေ ကို မြို့သစ်ဆေးရုံကိုမပို့ဘဲ မကွေးဆေးရုံကို သယ်ဆောင်သွားတာကို တွေ့ရတယ်လို့ ပြောပါတယ်။ စစ်တပ်ဘက်က ထိခိုက်မှုအရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြား အတည်ပြုချက် မရသေးပါဘူး။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ပြည်သူတွေအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဩဂုတ် ၁၀ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။