တွံတေးမြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ သေနတ်နဲ့ အပစ်ခံရပြီး ခြောက်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မှာ ဩဂုတ်လ ၂၂ ရက် မနေ့က စစ်ကောင်စီခန့် ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ သေနတ်နဲ့ အပစ်ခံရပြီး အငှားယာဉ်မောင်း နဲ့ သုံးဘီးဆိုင်ကယ်မောင်းသူ အပါအဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဟာ မြို့နယ် စစ်ကောင်စီ အစည်းအဝေးတက်ပြီး ပြန်လာချိန် မနေ့ညနေ ၅ နာရီဝန်းကျင် တွံတေးမြို့နယ် သဝန်းတောရွာအနီးက မြကန် သာလမ်းဆုံမှာ အပစ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ တွံတေးမြို့ ဇီးဖြူကုန်းရွာအုပ်ချုပ်ရေးမှူး ဦးခင်ညွန့်၊ ရာအိမ်မှူးတွေဖြစ် ကြတဲ့ ဦးအေးမြင့်၊ ဦးဝင်းဇော်၊ ဦးသန်းဌေးအပြင် သူတို့စီးလာတဲ့ အငှားယာဉ်မောင်းနဲ့ သုံးဘီးဆိုင်ကယ်မောင်းသူတို့ဖြစ်ပြီး နောက်ထပ် ရာအိမ်မှူး ဦးစန်းလွင်ကတော့ ဒဏ်ရာရ ခဲ့တယ်လို့ ဆိုပါတယ်။

ကားနဲ့ လာပစ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တွံတေး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကားနဲ့ လာစောင့်ပစ်သွားတာ။ ငါးယောက်လောက်တော့ရှိမယ်။ ပစ်ပြီး ကားနဲ့ ပြန် ထွက်သွားတယ်။ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ အကုန်သေတယ်ကြားတယ်။ အခုတော့ ရဲနဲ့ စစ်သားတွေ ရောက်နေတယ် အများကြီးပဲ။ ကားတွေကိုလည်း လိုက်စစ်နေကြ တယ်”

မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး) ကတော့ ဒီကိစ္စကို သူတို့အဖွဲ့က လုပ်ခဲ့တာလို့ ဩဂုတ်လ ၂၂ ရက် မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။

ဇီးဖြူကုန်း အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ရွာဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာနဲ့ စစ်ကောင်စီတပ်ကို သတင်းပေးတာတွေ လုပ်နေတာကြောင့် မဖြစ်မနေ အခြေအနေအရ လုပ်ရတာလို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ တွံတေးနဲ့ ဒလမြို့အဝင်အထွက် လမ်းဆုံဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။