ကန့်ဘလူမြို့နယ်မှာ ငါးရက်အတွင်း ရွာခြောက်ရွာ မီးရှို့ခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ဇွန်လ ၅ ရက်နေ့ကနေ ဇွန် ၉ ရက် ဒီနေ့အထိ ငါးရက် အတွင်း ရွာခြောက်ရွာ မီးရှို့ခံခဲ့ရပြီး အိမ်ခြေ ၇၀၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၉ ရက် ဒီနေ့မှာ အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ အောက်တဲရွာကို ခမရ (၃၆၇) တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီးနောက် မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အခုပဲ ရွာကိုမီးရှို့နေတာ။ မနေ့က ဇော်ချောင်းတို့၊ အလယ်ခုံတို့ကို မီးရှို့ခဲ့တဲ့ စစ် ကြောင်းပဲ။ ရွာကလူတွေ အကုန်ထွက်ပြေးနေရတယ်"

ဇွန်လ ၈ ရက်နေ့ကတော့ အဲဒီစစ်ကြောင်းဟာ ဇော်ချောင်းရွာက အိမ်ခြေ ၅၀ လောက်နဲ့ အလယ်ခုံရွာမှာတော့ အိမ်ခြေ ၄၀၀ လောက် မီးရှို့ခံခဲ့ရတယ်လိူ့ သူက ဆိုပါတယ်။

အခုစစ်ကြောင်းဟာ ဇွန်လ ၅ ရက်နေ့က ကိုင်းမရွာမှာ အိမ် ၁၀ လုံး၊ ဇွန်လ ၆ ရက်နေ့က နှောကုန်းရွာမှာ အိမ် ၅၂ လုံးနဲ့ စပါးကျီ အလုံး ၃၀၊ လျှော်ဖြူကုန်းရွာမှာ အိမ် အလုံး ၂၀၀ နဲ့ စပါးကျီ ၃၅ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မီးရှို့ခံနေရတဲ့ အောက်တဲရွာမှာတော့ အိမ်ခြေဘယ်နှလုံး မီးလောင်ပျက်စီးခဲ့တယ် ဆိုတဲ့ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေး ပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ ကျေးရွာ တွေထဲ ဝင်ရောက်တာမရှိသလို နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး စစ်ကြောင်းတွေက လုပ်ဆောင်လေ့မရှိကြောင်းနဲ့ ဒါဟာ PDF အဖွဲ့တွေရဲ့ လက်ချက်သာ ဖြစ်ကြောင်း အရင်က တုံ့ပြန်ပြောဆိုထားပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း အင်ငုတ်တို၊ ထန်းတော၊ ပေလည်၊ ရဲဒွေး၊ ပုဏ္ဏားကြီး၊ တင်မော်၊ ဥကင်းကြည်၊ ဆားကျင်း၊ ပိတောက်ပင်၊ ညောင်ပေါင်ရင်း၊ ကံကြီး၊ ကျွန်းကုန်း၊ ရွာသစ်ကုန်း၊ ဇော်ချောင်း၊ ကိုင်းမ၊ လွှဲဆိပ်၊ လျှော်ဖြူကုန်း၊ နှောကုန်း၊ အလယ်ခုံ အစရှိတဲ့ ရွာပေါင်း ၂၀ ကျော်က နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းတစ်နှစ်ကျော်ကာလ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့ ထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့စည်းတွေရဲ့ မီးရှို့မှုတွေကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ၁၈,၈၈၆ လုံးရှိတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဇွန်လ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် ၁၃,၈၄၀ လုံးထိ ရှိပါတယ်။