Sky News ရဲ့ မြန်မာအကြောင်းတင်ဆက်မှု Emmy Award တင်သွင်းခံရ

ယူကေနိုင်ငံအခြေစိုက် Sky News က ရိုက်ကူးတင်ဆက်တဲ့ မြန်မာနိုင်ငံတောတွင်းတစ်နေရာက လျှို့ဝှက်ဆေးရုံလေးတစ်ခုအကြောင်း မှတ်တမ်းရုပ်ရှင်ကို နိုင်ငံတကာ Emmy Award ဆုအတွက် အမည်စာရင်း တင်သွင်းခံရပါတယ်။

Sky News ရဲ့ သတင်းထောက်ချုပ် စတူးဝပ် ရမ်မ်ဆေး (Stuart Ramsay) နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံထဲက တော်လှန်ရေးလှုပ်ရှားမှုတွေကို တစ်လကြာလျှို့ဝှက်သွားရောက်ပြီး မှတ်တမ်းတင်ခဲ့တာပါ။ အဲဒီခရီးစဥ်မှာ မြန်မာ တောတွင်းတစ်နေရာက လျှို့ဝှက်ဆေးရုံလေးထဲမှာ ရှေ့တန်းစစ်မျက်နှာကလူတွေကို ကယ်တင်နိုင်ရေး အားထုတ်ကြိုးစားနေတဲ့ ဆေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို မျက်မြင်တွေ့ရှိ မှတ်တမ်းတင်ခဲ့ပါတယ်။

'နောက်ဆုံးဆေးရုံ- မြန်မာနိုင်ငံမှာ ရက် ၃၀ ကြာ' ဆိုတဲ့ အဲဒီမှတ်တမ်းရုပ်ရှင်ဟာ ကမ္ဘာသိ Emmy ဆုအတွက် ဂုဏ်သိက္ခာကြီးမားတဲ့ မျက်မှောက်ရေးရာ အမျိုးအစားရုပ်ရှင်အဖြစ် အမည်စာရင်းတင်သွင်းခံရတာ ဖြစ်ပါတယ်။

Emmy ဆု၊ မျက်မှောက်ရေးရာကဏ္ဍအတွက် အမည်စာရင်း တင်သွင်းခံရတာတွေထဲမှာ Sky News ရဲ့ 'မြန်မာနိုင်ငံမှာ ရက် ၃၀ ကြာ' ဆိုတဲ့ အစီအစဥ်နဲ့အတူ ဘရာဇီးနိုင်ငံက GloboNews, BBC ရဲ့ India Eye အစီအစဉ်နဲ့ အစ္စရေးမျက်မှောက်ရေးရာ Uvda Show တို့လည်း ပါဝင်ပါတယ်။

Sky News ဟာ ယူကရိန်းစစ်ပွဲသတင်းဖော်ပြမှုအတွက် နိုင်ငံတကာ Emmy Award ဆုကို ယမန်နှစ်က ရရှိခဲ့တာပါ။ ဒီနှစ်အတွက် နိုင်ငံတကာ Emmy Award ဆုပေးပွဲကိုတော့ လာမဲ့ စက်တင်ဘာ ၂၅ ရက်မှာ နယူးယောက်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။