မန္တလေးက နေအိမ် ၇၀၀ ခန့် စက်ယန္တရားသုံးဖယ်ရှားခံရ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက နေအိမ် ၇၀၀ ခန့်ကို မတ်လ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်က စက်ယန္တရားတွေနဲ့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထရံကာတဲအိမ်တွေကနေ သုံးထပ်တိုက်တွေအထိ အိမ်ကြီး၊ အိမ်ကောင်းတွေပါ စက်ယန္တရားသုံး ဖယ်ရှားခံရတာလို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖျက်တာကတော့ ဟုတ်တယ်။ ၂၀ ရက်နေ့က စဖျက်တာ ဒီနေ့ထိ ဖျက်တုန်းပေါ့။ ကျန်တဲ့ဟာတွေ အကုန်လုံး ထိုးမှာပဲလေ။ အဲဒီဘက်က တန်ဖိုးနည်း အိမ်ရာရဲ့ အရှေ့ဘက်ခြမ်းကျမယ်။ မနေ့က ပထမဆုံး စစ်ကားနှစ်စီး ရောက်လာပြီး စဖျက်တာပေါ့။ ဘီယာဆိုင်တွေလည်းပါတယ်။ သုံးထပ်တိုက်တွေလည်းပါတယ်”
အဲဒီအိမ်တွေဟာ မီးရထားဌာနပိုင်မြေ၊ လျှပ်စစ်တာဝါတာတိုင် နယ်နိမိတ်၊ ဆည်မြောင်းမြေ နယ်နိမိတ်နဲ့ လမ်းနယ်နိမိတ်တွေကို ကျူးကျော်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဘက်က ဖျက်ဆီးဖယ်ရှားနေတာလို့လည်း သူက ဆိုပါတယ်။
အဲဒီနေရာမှာ နေထိုင်သူတွေကတော့ နှစ်ပေါင်းများစွာ နေထိုင်လာကြတာလို့ ပြောကြသလို RFA အနေနဲ့လည်း ဒီနေရာဟာ ကျူးကျော်ဟုတ်လား၊ မဟုတ်လားဆိုတာ သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ နေ့လယ်ပိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျူးကျော်ကိစ္စကို အရင်အစိုးရတွေ လက်ထက်မှာ လက်ရှောင်ခဲ့တာကြောင့် အခု စစ်ကောင်စီက တရားဥပဒေစိုးမိုးရေးအတွက် အဓိကထား လုပ်ဆောင်ရတာလို့ RFA ကို အရင်က ဖြေဆိုထားပါတယ်။
မန္တလေးတိုင်းက ရပ်ကွက်ပေါင်း ၁၃ ခု၊ အိမ်ခြေ တစ်ထောင်ကျော်နဲ့ လူငါးသောင်း ဝန်းကျင်နေထိုင်တဲ့ မြစ်ငယ်တစ်မြို့လုံးနီးပါးကိုလည်း စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ မတ်လမှာ ဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်နဲ့ မန္တလေးမြို့က ဆင်ခြေဖုံးရပ်ကွက်တွေ အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာလည်း ကျူးကျော်လို့ စွပ်စွဲခံရတဲ့ လူနေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေကို အင်အားသုံး ဖယ်ရှားရှင်းလင်းတာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။