မန္တလေး သံလျှပ်မှော်ရပ်ကွက်အတွင်း လမ်းတွေ ပိတ်ဆို့စစ်ဆေးနေ

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် သံလျှပ်မှော်ရပ်ကွက်အတွင်း ဖေဖော်ဝါရီ ၉ ရက် ဒီနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်လောက်နဲ့ နေအိမ်တွေကို လိုက်လံ စစ်ဆေးနေပြီး အဖမ်းခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်ထဲမှာ လက်နက်တွေရှိတယ်ဆိုပြီး ဝင်စစ်နေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"မနက်ကတည်းက အိမ်တွေထဲကို လိုက်စစ်နေတာ ဒီနေ့လယ်အထိ စစ်နေတုံးပဲ၊ မဟာ လူမှုကူညီရေးအသင်းကသူတွေလည်း အဖမ်းခံထားရတယ်။ ရပ်ကွက်ကို ပိတ်ထားတာ၊ အဝင်အထွက်တွေလည်းမရဘူး၊ အချုပ်ကားတွေလည်းပါတယ်၊ အရင်ရက်က ဒီရပ်ကွက် မှာ စစ်ကောင်စီသတင်းပေး အသတ်ခံခဲ့ရတာလည်းရှိခဲ့တယ်"

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ညပိုင်းက မဟာလူမှုကူညီရေးအသင်းရုံးကိုဝင်ပြီး အသင်းသားတွေကို ဖမ်းဆီးထားကာ ဒီမနက်မှာလည်း ဒေသခံလူငယ်အချို့ အဖမ်းခံ ထားရတယ်လို့ ဆိုပါတယ်။

လောလောဆယ် အဲဒီရပ်ကွက်ထဲက လမ်းတွေအားလုံးပိတ်ထားပြီး အဝင်အထွက်လုပ်လို့ မရသေးတာမို့ အဖမ်းခံထားရသူအရေအတွက် မသိရသေးဘူးလို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မဟာအောင်မြေမြို့နယ်ထဲက အထက်တန်းကျောင်း အမှတ် ၂၄ ထဲမှာ တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။