ဖလမ်းမှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့ ထလန်ရောန်ရွာသစ်မှာ အောက်တိုဘာလ ၁၉ ရက် မနေ့က ခရစ်ယာန်ဘုရား ကျောင်းတစ်ခု ဖျက်ဆီးခံရပြီး ရွာအချို့ကနေ အိမ်တွေလည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထလန်ရောန်ရွာသစ်မှာရှိတဲ့ ထလန်ရောန်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းထဲက ထိုင်ခုံတွေ ဖျက်ဆီး ခံရတဲ့အပြင် သီးချင်းစာအုပ်တွေကိုစုပုံပြီး မီးရှို့ပေမယ့် မီးတော့မလောင်ခဲ့ဘူးလို့ ဒေသခံရဲ့ပြောဆိုမှုကို ကိုးကားပြီး ချင်းပြည်နယ်အခြေစိုက် Zalen သတင်းဌာနက ရေးသားထားပါတယ်။
အဲဒီအပြင် လုံပီးရပ်ကွက်က စန်းသော်တာစတိုးကိုလည်း အမည်မသိလူတစ်စုက လာရောက်မီးရှို့ခဲ့သလို ထလန်ရောန်ရွာသစ်က နေအိမ်တစ်လုံး၊ တားလ်ရွာကနေ အိမ်သုံးလုံးနဲ့ တလန်ဇာရ်ရွာက အိမ်တစ်လုံး စုစုပေါင်း နေအိမ်ခြောက်လုံး မီးရှို့ခံရတယ်လို့ ဖော်ပြထားပါတယ်။
မီးရှို့ခံရတဲ့ အခြေအနေတိတိကျကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းကလည်း တလန်ရောန်ရွာက ခရစ်ယာန်ဘုရားကျောင်းရဲ့ လူနေ အဆောင်တွေအပါအဝင် နေအိမ် ၁၂ လုံး မီးရှို့ခံခဲ့ရသလို ရီရယ်သီးရွာက နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၁၂ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း ချင်းတိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လူနေအိမ်တွေနဲ့ ဘာသာရေး အဆောက် အအုံပေါင်း ၂၀၀ နီးပါး ဖျက်ဆီးခံခဲ့ရသလို လူ ၈၀၀၀ လောက်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။