စစ်ကိုင်းတိုင်း မြို့နယ်နှစ်ခုမှာ သက်ကြီးရွယ်အိုတစ်ဦး အသတ်ခံရပြီး အိမ် ၂၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က မုံရွာ - ယာကြီး - ကလေး၀ ကားလမ်းဘေး ၃၁ မိုင်အနီးရှိ တဲအိမ်တချို့ကို ဩဂုတ်လ ၂၂ ရက်နေ့က ဝင်ရောက်မီးရှို့ခဲ့ပြီး လမ်းပြဓားစာခံအဖြစ် ဖမ်းခေါ်လာတဲ့ သက်ကြီးရွယ်အို တစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူဟာ အသက် ၆၀ အရွယ် ဦးချစ်ဝင်း ဖြစ်ပြီး ကနီမြို့နယ် ဝင်းကုန်းရွာကနေ စစ်ကောင်စီတပ်က မုံရွာ - ယာကြီး - ကလေး၀ ကားလမ်းဘေး ၃၁ မိုင်အနီးကို လမ်းပြ အဖြစ် ဖမ်းခေါ်လာသူဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အသတ်ခံရတဲ့သူက ကပိုက်ရွာက မဟုတ်ပါဘူး။ ဝင်းကုန်းရွာကပါ။ စစ်တပ်က တစ်ရွာဝင် တစ်ရွာထွက်မှာ ဓားစာခံအနေနဲ့ ဖမ်းခေါ်သွားတာတော့ ကိုးယောက် လောက် ရှိတယ်။ အသတ်ခံရတာတော့ ဦးချစ်ဝင်း တစ်ယောက်ပဲ ကြားသေးတယ်”

စစ်ကောင်စီစစ်တပ်ဟာ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ကနီနဲ့ ယင်းမာပင်နယ်ထဲကို စစ်ကြောင်းနှစ်ကြောင်းနဲ့ ချေမှုန်းနေပြီး တစ်ကြောင်းနဲ့ တစ်ကြောင်းဟာ သိပ်မဝေးဘူးလို့ ကနီဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းနှစ်ခုတည်းက တစ်ခုဟာ ဩဂုတ်လ ၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို မီးရှို့ ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းပြန်ထွက်သွားချိန်မှာ ရင်ပေါင်တိုင်ရွာ တစ်ရွာတည်းကနေ လူ ၂၀ နီးပါး သေဆုံးခဲ့ပါတယ်။

အဲဒီစစ်ကြောင်းဟာ ယင်းမာပင်နဲ့ ကနီမြို့နယ်ထဲက ကျေးရွာတွေကို ဆက်လက် ထိုးစစ် ဆင်နေပြီး ဩဂုတ် ၂၂ ရက်နေ့က အင်းပေါ်၊ အင်တိုင်းတော၊ ပေါက်အင်းမြိုင် စတဲ့ ကျေးရွာ တွေကို ဆက်တိုက် ဝင်ရောက်လာတာကြောင့် ဒေသခံရွာသား ရာနဲ့ချီပြီး ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ် စစ်ကြောင်းတစ်ကြောင်းကတော့ ချင်းတွင်းမြစ်တစ်လျှောက် ရေကြောင်း ကနေ ထိုးစစ်ဆင်နေပြီး ဩဂုတ် ၂၁ ရက်နေ့က ချင်းတွင်းမြစ်တစ်လျှောက်မှာရှိတဲ့ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်ထဲက မောက်စဖာ၊ မြို့မ၊ သာစည်၊ ကယာ စတဲ့ကျေးရွာ တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၂၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်ထဲက သငါရွာကို စစ်ကောင်စီတပ်က ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရေကြောင်းအစုန်အဆန် နှစ်ဖက်ညှပ်ပြီးတော့ကို ပစ်နေတာ။ ရေယာဉ်ကတော့ ခြောက်စီး။ ဒီနေ့ ဩဂုတ် ၂၄ ရက်နေ့မှာတော့ အပေါ်ကိုဆန်တက်ပြီး ကလေးဝမှာ နားနေတယ်။ လုံခြုံရေးလည်း တင်းတင်းကျပ်ကျပ် စစ်နေတယ်”

အဲဒီနောက် အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကမ်းပေါ်တက်လာပြီး အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ သငါရွာထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ သုံးထပ်တိုက် တစ်လုံးမှာ နေရာယူပြီးတဲ့နောက် ရွာထဲက အိမ်ခြေ ၂၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြား ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက် စစ်ကောင်စီဥက္ကဋ္ဌရဲ့ လူထုကိုပြောကြားတဲ့ မိန့်ခွန်းမှာတော့ အကြမ်းဖက် တိုက်ခိုက်နေသူတွေနဲ့ မဆွေးနွေးနိုင်ဘူး၊ ပြန်လည်တိုက်ခိုက်ချေမှုန်းရမယ်လို့ NUG နဲ့ PDF တွေကို ရည်ညွှန်းပြောဆိုသွားပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်မှု အားအကောင်းဆုံး ဒေသဖြစ်ပြီး ကျေးရွာတွေမှာ PDF တွေ ခိုအောင်းနေတယ်၊ ဒေသခံရွာသားတွေက ထောက်ပံ့ကူညီနေတယ်လို့ ယူဆတာကြောင့် စစ်တပ်က အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားတော့ဘဲ ရေကြောင်း၊ ကြည်းကြောင်း၊ လေကြောင်း အင်အားမျိုးစုံသုံးပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။