စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက် စိန်မိုက်ကယ်လမ်းထောင့်မှာ ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက လာရောက်ပြီး သေနတ် တွေနဲ့ ပစ်ခတ်ရာမှာ အခင်းဖြစ်နေရာအနီးမှာ သွားလာနေတဲ့ အမျိုးသမီးနှစ်ဦး သေဆုံးသွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးနှစ်ဦးဟာ အသက် ၅၃ နှစ်အရွယ် ဒေါ်ဇနဲထွန်လ် (Pi Za Nei Thluai) နဲ့ ကုန်စိမ်းရောင်းတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲ့လမ်းထောင့်မှာ ဗုံးထောင်ထားတာကို စစ်ကောင်စီတပ်သားတွေက အဝေးကနေ သေနတ်နဲ့ ပစ်ပြီး ဗုံးခွဲခဲ့တာဖြစ်ပါတယ်။ အနီးအနားက အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ခေါင်းကို မှန်ပြီး ပွဲချင်းပြီး သေသွားတယ်။ သုံးယောက်စီးလာတဲ့ ဆိုင်ကယ်ကိုလည်း လှမ်းပစ်တာ အလယ်ကပါတဲ့ အမျိုးသမီးက သေသွားတယ်။ တစ်ယောက်က ဒဏ်ရာ ရတယ်"
အဲဒီဗုံးဟာ ဘယ်အဖွဲ့ထောင်တဲ့ ဗုံးလဲဆိုတာကို မသိရသေးပါဘူး။ အရပ်သားအမျိုးသမီးနှစ်ဦး သေဆုံးတယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ အရပ်သားတွေ အပေါ် ဘယ်လိုနည်းနဲ့မှ ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးလို့ RFA ကို ယခင်က တုံ့ပြန်ပြောဆို ထားပါတယ်။
ကလေးမြို့မှာ ဩဂုတ်လ ၂၆ ရက် ဒီနေ့မနက်ပိုင်းကလည်း စက်မှုဇုန်လမ်းရပ်ကွက်ထဲမှာ ဗုံးနှစ်လုံးပေါက်ကွဲ ခဲ့ပြီးနောက် သေနတ်ပစ်ခတ်သံ အချက် ၂၀ ထက်မနည်း ထွက်ပေါ်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက ရပ်ကွက်ထဲမှာ ပစ်ခတ်တာလို့ ယူဆ ကြောင်း အဲဒီရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။
"ဗုံးနှစ်ကြိမ်ပေါက်ကွဲပြီးနောက် စစ်သားတွေက ရပ်ကွက်ထဲကို ပစ်တာထင်တယ်၊ ကျနော်တို့ ကလည်း အပြင်မထွက်ရဲဘူးဆိုတော့ အတိအကျမသိဘူး။ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာ ကလဲ မသိဘူးဗျ။ ပစ်ခတ်မှုက နာရီဝက်လောက်ကြာတယ်။ အဲနောက်ပိုင်း အသွားအလာတွေ ပုံမှန်တိုင်းပြန်ဖြစ်နေတယ်"
ကလေးမြို့နယ်ဟာ စစ်ကောင်စီတပ်ကို ခုခံတော်လှန်မှုတွေ ပြင်းထန်နေတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး မြို့ပေါ် ရပ်ကွက်တွေမှာ မကြာခဏ ပစ်ခတ်မှုတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။