မောင်တောမြောက်ပိုင်းက အုပ်ချုပ်ရေးမှူးတချို့ နုတ်ထွက်စာတင်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပြီးနောက် ရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ခံတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေရှိတာကြောင့် အုပ်ချုပ်ရေးမှူးတချို့ နုတ်ထွက်စာ တင်ထားကြတယ်လို့ ကာယကံရှင်တွေက RFA ကို ပြောပါတယ်။

တမန်းသားနဲ့ မင်းခမောင်းရွာအုပ်ချုပ်ရေးမှူး အပါအဝင် အုပ်ချုပ်ရေးမှူးတချို့ နုတ်ထွက်စာ တင်ထားကြတာဖြစ်ပြီး ကျန်တဲ့ရွာပေါင်း ၁၆ ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေလည်း ထွက်စာတင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

လုံခြုံမှုမရှိသလို ခံစားရတာကြောင့် အခုလိုထွက်ဖို့ ပြင်ဆင်နေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက RFA ကို ပြောပါတယ်။

"အဓိကတော့ မလုံခြုံသလို ခံစားလာလို့ နုတ်ထွက်ဖို့လုပ်နေကြတာပါ။ ရွာအနားမှာ တိုက်ပွဲဖြစ်ရင် ဆိုင်ဆိုင်၊ မဆိုင်ဆိုင် သူတို့က အုပ်ချုပ်ရေးမှူးတွေကို ဖမ်းတယ်။ စစ်ဆေးတယ်။ ကြိမ်ချောင်းအုပ်ချုပ်ရေးမှူးဆိုရင် အခုအထိ အဆက်အသွယ် မရသေးဘူး။ ဒါကြောင့် ကျနော်တို့လည်း စိုးရိမ်တာပေါ့။ အုပ်ချုပ်ရေးမှူးတွေအားလုံး နုတ်ထွက်ဖို့တော့ လုပ်နေကြတယ်။ လောလောတော့ ထွက်လို့မရသေးဘူး။ တချို့လည်း နုတ်ထွက်စာ တင်ထားကြပြီ။ အားလုံး တိုင်ပင်နေကြတယ်"

မောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲနှစ်ကြိမ် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် ဇူလိုင်လ ၂၀ ရက်နေ့မှာ ကြိမ်ချောင်းရွာ အုပ်ချုပ်ရေးမှူး ဦးဘုန်းကံနိုင် (ခ) ဦးကိုကိုအောင်၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ တရိန်းရွာအုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်နဲ့ သာယာကုန်းရွာတာဝန်ခံ ဦးဘသိန်းတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။

အလားတူပဲ ကြိမ်ချောင်းရွာသား ဦးထွန်းချေနဲ့ ဦးထွန်းအေးကြိုင်တို့ကိုလည်း သူတို့နဲ့ အတူတူ ဖမ်းဆီးသွားခဲ့ပြီး အခုအချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တွေက RFA ကို မနေ့က ပြောဆိုထားပါတယ်။

အုပ်ချုပ်ရေးမှူးတွေဟာ ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်သူတွေ ဖြစ်ပေမယ့် အခုလို ဖမ်းဆီးခံရရင် ဌာနဆိုင်ရာတွေက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတာကြောင့် ထွက်ဖို့ ဆုံးဖြတ်ကြတာလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မောင်တောခရိုင်အုပ်ချုပ်ရေးမှူးကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

မြောက်ဦးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အုပ်ချုပ်ရေးမှူး လေးဦးကို မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာကြောင့် မြောက်ဦးမှာရှိတဲ့ အုပ်ချုပ်ရေးမှူးပေါင်း ၉၀ ဦးအထိ နုတ်ထွက်စာတင်ခဲ့ဖူးပါတယ်။