NUG အစိုးရကို အသိအမှတ်ပြုဖို့ တောင်ကိုရီးယား လွှတ်တော်အမတ် တောင်းဆို

2021.05.25
NUG အစိုးရကို အသိအမှတ်ပြုဖို့ တောင်ကိုရီးယား လွှတ်တော်အမတ် တောင်းဆို တောင်ကိုရီးယားနိုင်ငံ လက်ရှိအာဏာရ ဒေါဘူးလောမင်းဂျူးပါတီရဲ့ လွှတ်တော်အမတ် ဘာ့ယောင်ဆွန်း။
Photo: 박영순/Facebook

မြန်မာ့ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အစိုးရနဲ့ လွှတ်တော်က လက်တွေ့ကျတဲ့ အကူအညီတွေပေးဖို့ တောင်ကိုရီးယားနိုင်ငံ လက်ရှိအာဏာရ ဒေါဘူးလောမင်းဂျူးပါတီရဲ့ လွှတ်တော်အမတ် ဘာ့ယောင်ဆွန်းက မေလ၂၁ ရက်နေ့ တောင်ကိုရီးယား လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်အနေနဲ့ NUG အစိုးရကို တရားဝင် အသိအမှတ်ပြုဖို့၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံနေတဲ့ တောင်ကိုရီးယားပိုင် ကုမ္ပဏီတွေကိုလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိတဲ့အထိ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းထားအောင် အစိုးရက ကိုင်တွယ် ဆောင်ရွက်ပေးဖို့လည်း ‌လွှတ်တော်အမတ် ဘာ့ယောင်ဆွန်းက တောင်းဆိုလိုက်ပါတယ်။

ဒါ့ပြင် ကိုဗစ် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ မြန်မာ့စီးပွားရေးဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် ပိုမိုချွတ်ယွင်းလာခဲ့ရပြီး၊ မကြာခင် ပြည်သူအများ အငတ်ဘေး ကြုံတွေ့နိုင်တဲ့အထိ အခြေအနေတွေ ဆိုးရွားလာနေကြောင်း၊ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်တဲ့ ထိုးစစ်ဆင်မှုကြောင့် သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အများအပြား ရှိလာနေကြောင်း၊ ဒါကြောင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာရေး ကူညီထောက်ပံ့မှုတွေ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့၊ မြန်မာပြည်အတွက် ODA လျာထားငွေတွေကို ထိရောက်စွာ အသုံးပြုပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

လွှတ်တော်အမတ်ဘာ့ယောင်ဆွန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံတဲ့ လွှတ်တော်ကြေညာချက် ထုတ်ပြန်နိုင်ရေးမှာ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။