မြန်မာကို တရားမဝင် မသွားဖို့ သီရိလင်္ကာအစိုးရ တိုက်တွန်း

မြန်မာနိုင်ငံမှာ တရားမဝင်နည်းလမ်းနဲ့ အလုပ်အကိုင်ရှာဖွေတာ ရှောင်ကြဥ်ဖို့ သီရိလင်္ကာကာကွယ်ရေးဝန်ကြီးက သြဂုတ် ၁ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

တရားမဝင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်တွေ ဒါမှမဟုတ် လူကုန်ကူးမှုမှာ ပတ်သက်နေတဲ့အဖွဲ့အစည်းတွေနဲ့ မြန်မာမှာ အလုပ်အကိုင်ရှာတာကို ရှောင်ကြဖို့ အစိုးရ၊ သူတို့နိုင်ငံသားတွေကို ပြင်းပြင်းထန်ထန် သတိပေးထားတယ်လို့ သီရိလင်္ကာ သတင်းတစ်ပုဒ်က ဆိုပါတယ်။

မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေလုပ်ကိုင်တဲ့ ဆိုက်ဘာရာဇ၀တ်မှုနယ်မြေက စခန်းတစ်ခုမှာ တရားမဝင် အလုပ်လုပ်ဖို့ ထွက်ခွာသွားတဲ့ သီရိလင်္ကာနိုင်ငံသားတစ်စုဟာ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အစိုးရက ကြိုတင်သတိပေးထားပေမဲ့ သီရိလင်္ကာ ၈၉ ဦးဟာ အလုပ်အကိုင်အတွက် မြန်မာနိုင်ငံကို တရားမ၀င် သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်ကောင်စီရဲ့ကူညီမှုနဲ့ သီရိလင်္ကာ အယောက် ၄၀ ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အစီရင်ခံစာတွေအရ နောက်ထပ် ၅၄ ဦးဟာ ဆိုက်ဘာရာဇ၀တ်မှုဧရိယာမှာ ပိတ်မိနေသေးတယ်လို့ ဖော်ပြပါတယ်။

သီရိလင်္ကာအစိုးရဟာ မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပိတ်မိနေဆဲ သီရိလင်္ကာနိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သီရိလင်္ကာအစိုးရရဲ့ သတိပေးမှုတွေရှိနေတဲ့ကြားကပဲ မြန်မာမှာအလုပ်လုပ်ဖို့ ဆက်သွားနေတယ်လို့ သိရတာကြောင့် အခုလို ပြင်းပြင်းထန်ထန် သတိပေးရတာလို့လည်း ရေးသားထားပါတယ်။

လူကုန်ကူးမှုတွေမှာ ပါဝင်သူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်စုံတစ်ရာ ရရှိပါက ကာကွယ်ရေး ဝန်ကြီးဌာန ဒါမှမဟုတ် မှုခင်းစုံစမ်းစစ်ဆေးရေးဌာနကို ဆက်သွယ်ကြဖို့လည်း သီရိလင်္ကာအစိုးရက တိုက်တွန်းထားပါတယ်။