စစ်ဘေးဒုက္ခသည်တစ်ထောင်ကျော် သီပေါမှာ ခိုလှုံ
2024.07.18
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တစ်ထောင်ဝန်းကျင်ကို စားနပ်ရိက္ခာတွေ အကူအညီပေးနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) က ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တစ်ကျော့ပြန် "၁၀၂၇ စစ်ဆင်ရေး" အတွင်း စစ်ကောင်စီတပ်နဲ့ SSPP ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်မတော် (MNDAA) တပ်တွေကြား ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် သီပေါမြို့နယ်၊ နမ့်လန်မြို့နဲ့ မိုင်းခေးရွာဘုန်းကြီးကျောင်းကို ရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည် ၉၄၄ ဦး ကို ကူညီပေးခဲ့တာလို့ ဆိုပါတယ်။
စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဇူလိုင်လ ၁၇ ရက်နေ့က သွားရောက်ကူညီပေးခဲ့တာလို့ SSPP တာဝန်ရှိသူက ပြောကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
"နေရပ်ဒေသတွေက ထွက်ပြေးလာကြတာဆိုတော့ စားဝတ်နေရေး အခက်အခဲ ရှိလာတာပေါ့။ ဒါကြောင့် အဖွဲ့က ဆန်က ၁၀၅ အိတ်၊ မြေပဲဆီက ၁၁ ပုံးနဲ့ ကြက်ဥ ၁၁ ကတ်ကို သွားပြီးတော့ ကူညီပေးခဲ့တာပါ။ ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် ငွေကျပ် ၁၀၅ သိန်းကိုလဲ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး ကော်မတီတွေကို ပေးအပ်ခဲ့ပါတယ်"
သီပေါမြို့နယ် ဆင်ကျော့ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ လားရှိုးနဲ့ မိုင်းရယ်မြို့နယ်တွေက စစ်ဘေးဒုက္ခသည် လေးရာကျော်ကိုလည်း ဇူလိုင်လ ၁၀ ရက်နေ့မှာ သွားရောက်ကူညီထားကြောင်း SSPP အဖွဲ့က ဇူလိုင်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
TNLA နဲ့ MNDDA တပ်ဖွဲ့က တစ်ဖက်သတ် စစ်ကောင်စီကို အပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းကျော် ရှိသွားပြီလို့လည်း SSPP ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မိုင်းရယ်မြို့နယ်အတွင်း ဒေသတည်ငြိမ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ရည်ရွယ်ပြီး SSPP တပ်တွေ ဝင်ရောက်နေရာယူလိုက်တယ်လို့လည်း ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။