ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား အပစ်ရပ်မယ်လို့ နှစ်ဘက်တပ်ခေါင်းဆောင်တွေက ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ နေထိုင်တဲ့ သံဃာတော်တွေ၊ ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေက ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုတာကြောင့် RCSS နဲ့ SSPP ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။
ရှမ်ပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်က SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းစုက အပစ်ရပ်ကာလကို သတ်မှတ်ထားတာမရှိဘဲ နှစ်ဖက်တပ်နေရာချထားရေးတွေအတွက်လည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်မှူးကြီး စိုင်းငင်းက ရှမ်းတိုင်းရင်းသားတွေ အကျိုးရှိစေမယ့် လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။
ဒီနေ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ တိုက်ပွဲတွေရပ်စဲဖို့အပြင် ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်ကြဖို့အတွက် နှစ်ဘက်စလုံးက အပြန်အလှန် ပုတ်ခတ်ပြောဆိုတဲ့ လုပ်ရပ်တွေကိုလည်း ရပ်တန့်ကြဖို့၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း တိုက်ဖျက်သွားမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။