မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မနေ့ ပြောကြားလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တာပါ။
"တရားရေး သုံးသပ်ချက်အရပ်ရပ် အထောက်အထားတွေပေါ် အခြေခံပြီး မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်စလင်တွေကို ၂၀၁၇ တုန်းက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ မတ်လတုန်းက ကျွန်တော်သတ်မှတ်ခဲ့ပါတယ်"
"မကြာခင်နှစ်ပိုင်းတွေမှာ တရုတ်နဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးအရ လူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု နှစ်မှုတွေ့ပါတယ်"
တချို့နိုင်ငံတွေမှာ ဘာသာရေးလွတ်လပ်ခွင့် သိသိသာသာ တိုးတက်ပေမယ့် တချို့နိုင်ငံတွေမှာ ဖိနှိပ်ခံရတဲ့အကြောင်း မြန်မာနိုင်ငံကို ဥပမာပေးပြောကြားတာပါ။ ဘာသာရေး ယုံကြည်ချက်ဟာ လူတစ်ဦးချင်းစီရဲ့ အခြေခံအခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။
"တစ်ဖက်မှာလည်း ဒီအခွင့်အရေးကို အစိုးရတွေက လက်မခံတဲ့အခါ မတူကွဲပြားတဲ့အပေါ် တင်းမာတာကို မီးလောင်ရာလေပင့်သလို ဖြစ်ပြီး တစ်ခါတစ်ရံ မတည်ငြိမ်မှုနဲ့ပဋိပက္ခဘက် ဦးတည်သွားပါတယ်။"
ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ယုံကြည်မှုမျိုးစုံရှိပြီး ဝတ်ပြုရာနေရာတွေမှာ အတိုက်အခိုက်ခံရတာ ပိုများလာတယ်လို့ လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အဝေးရောက်သံအမတ် Rashad Hussain ကလည်း အိန္ဒိယမှာဆိုရင် ဝတ်ပြုရာနေရာတွေနဲ့ လူတွေကို ပိုတိုက်ခိုက်ခံနေရတာတွေကို တချို့တာဝန်ရှိသူတွေက မသိကျိုးနွံပြုရင်ပြု ဒါမှမဟုတ် အထောက်အပံ့ပေးတယ်လို့ ပြောပါတယ်။
အစိုးရတွေဟာ ဘာသာရေးယုံကြည်ချက်ကို ကန့်သတ်ဖို့ နည်းလမ်းရှာနေကြတဲ့အကြောင်းနဲ့ ဘာသာရေးနဲ့လူမျိုးရေး အစွန်းရောက်အုပ်စုတွေက လူမှုကွန်ရက်ကပါမကျန် အမုန်းစကားတွေနဲ့ ပစ်မှတ်ထားတဲ့အကြောင်း ပြောပါတယ်။
"ရုရှားက Jehovah's Witness ဆိုတဲ့ ကမ္ဘာကြီး ဆုံးခန်းတိုင်ချိန် နီးလာပြီလို့ သက်ဝင်ယုံကြည်တဲ့ ခရစ်ယာန်ဂိုဏ်းဝင်တွေက အစ၊ ဥရောပက ဂျူးတွေ၊ အီရန်က ဘဟာအီ၊ မြောက်ကိုရီးယား၊ နိုင်ဂျီးရီးယား။ ဆော်ဒီအာရေးဗျက ခရစ်ယာန်၊ တရုတ်နဲ့ မြန်မာနိုင်ငံက မွတ်စလင်၊ နီကာရာဂွားက ကက်သလစ်ဘာသာဝင် စတာတွေ ပစ်မှတ်ထားခံရပါတယ်"
ဒ့ါအပြင် Mr. Rashad Hussain က .....
"အစိုးရအတော်များများဟာ ကိုယ့်ပြည်သူကို ကိုယ် အဆင့်အတန်းခွဲခြားတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေ သုံးပြီး ဖိနှိပ်ပါတယ်။ မကြာခင်နှစ်ပိုင်းတွေမှာ တရုတ်နဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးအရ လူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု နှစ်မှုတွေ့ပါတယ်။ အမြင်သဘောထား သေးသိမ်တာနဲ့ အမုန်းတရားဟာ ကမ္ဘာတစ်ဝန်းမှာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခမီးပွားပိုများလာစေတယ်လို့လည်းပြောပါတယ်"
မြန်မာနိုင်ငံတစ်ဝန်းက အရပ်ဘက်အဖွဲ့စည်း ခေါင်းဆောင်တွေ၊ ဘာသာရေးအဖွဲ့ဝင်တွေ၊ လူနည်းစုတိုင်းရင်းသားတွေ အပါအဝင်အားနည်းတဲ့ အသိုင်းအဝိုင်းတွေဟာ အလွန့်အလွန်ရက်စက်မှုနဲ့ တခြားဖိနှိပ်ခံရမှုနဲ့ ရင်ဆိုင်ရပြီးသားလည်း ဖြစ်တယ်လို့ Rashad Hussain က ပြောပါတယ်။
တချို့ အစိုးရတွေဟာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်နေတာမို့ အမေရိကန်အစိုးရက ပိုမိုဆောင်ရွက်ရမယ်ဆိုတာ အစီရင်ခံစာက ထောက်ပြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားပါတယ်။