တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေရဲ့လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် ပြင်ဆင်ချက်ဆွေးနွေး
2015.07.02

၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်တဲ့မူကြမ်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တို့နဲ့ သက်ဆိုင်တဲ့ဇယားပါ ပြဌာန်းချက်တွေမှာ ဖြည့်စွက်ထားတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ထောက်ခံဆွေးနွေးကြပါတယ်။
ဘဏ္ဍာရေးနဲ့ စီမံကိန်းကဏ္ဍ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ပို့ဆောင်ရေး ဆက်သွယ်ရေး နဲ့ ဆောက်လုပ်ရေးကဏ္ဍ စတာတွေနဲ့ပတ်သက်တဲ့ ဥပဒေတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ က ပြဌာန်းခွင့်ရှိကြောင်း အခု ပြင်ဆင်ထားတဲ့ မူကြမ်းမှာ ဖြည့်စွက်ထားတာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။
"ဇယား (၂) အပိုဒ် (၄) စက်မှုလက်မှုကဏ္ဍမှ အသစ်ဖြည့်စွက်သော (ဂ) ပြည်ထောင်စုက ပြဌာန်းသည့် ဥပဒေနဲ့အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်ခွင့်ရှိသည့် စက်မှုဇုန်များအချက်သည် မဖြစ်မနေလိုအပ်တယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ် အားလုံးသိပါတယ်၊ ပြည်နယ်တိုင်းဒေသကြီးများမှာ စက်မှုဇုန်တွေ တည်ဆောက်ထားရှိသည်ဖြစ်သော်လည်း စက်မှုဇုန်ဥပဒေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မပြဌာန်းနိုင်ရင် လုပ်ကိုင်ရတာ ခက်ခဲနေဦးမှာဖြစ်တဲ့အတွက် ပြဌာန်းခွင့်ပေးကို ပေးရပါမယ်"
အဲဒီပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခြင်း မရှိသေးပါဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ အခွန်အခကောက်ခံခွင့်၊ သဘာဝသယံဇာတ အရင်းအမြစ် ခွဲဝေခွင့်တွေပါတဲ့ နောက်ဆက်တွဲဇယား ၁ နဲ့ ၂ ပါ ပြဌာန်းချက်တွေကို ပြင်ဆင်နေကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ထံ ဒီနေ့ အသိပေးအကြောင်းကြားခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းပါ ပုဒ်မ ၃၀ လောက်က ဒီနေ့အထိ လွှတ်တော်ကိုယ်စားလှယ် ၅၀ ကျော်က ဆွေးနွေးပြီးဖြစ်ပါတယ်။ ကျန်တဲ့ကိုယ်စားလှယ်တွေက လာမယ့်ဇူလိုင်လ ၇ရက်နေ့မှာ အပြီး သတ်ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။