အာဆီယံအစည်းအဝေး မြန်မာကို မဖိတ်ဖို့ အဖွဲ့ ၆၇ဝ ကျော် တောင်းဆို

2022.06.15
အာဆီယံအစည်းအဝေး မြန်မာကို မဖိတ်ဖို့ အဖွဲ့ ၆၇ဝ ကျော် တောင်းဆို ၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လက ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို သွားရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို တွေ့ရစဉ်။
Photo: Ministry of Defense of the Russian Federation

မကြာခင်ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို မဖိတ်ကြားဖို့ မြန်မာအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၆၇၇ ဖွဲ့က ဇွန်လ ၁၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ပြည်တွင်းဥပဒေတွေက ဖွင့်ဆိုထားတဲ့ အကြမ်းဖက်မှုအဓိပ္ပါယ်နဲ့ လုံးဝ ကိုက်ညီနေတဲ့အပြင် တရားမဝင်အာဏာသိမ်းရေး ကြိုးပမ်းမှုနောက်ပိုင်းမှာလည်း မြန်မာပြည်သူတွေအပေါ် ကျုးလွန်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာနေကြရ၊ ပြည်သူ ၁၉ဝဝ ကျော် သတ်ဖြတ်ခံရ၊ လူဦးရေ ၁၄ဝဝဝ ကျော် မတရားဖမ်းဆီးခံခဲ့ကြရ၊ ပြည်သူတွေရဲ့ အိုးအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေ လုယက်ဖျက်ဆီးခံခဲ့ကြရပါတယ်။

လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၁၆ ကြိမ်မြောက် ADMM အာဆီယံကာကွယ်ရေးဝန်ကြီးများ စည်းဝေးပွဲကို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မြထွန်းဦးက မြန်မာနိုင်ငံကို ကိုယ်စားပြု တက်ရောက်မယ်လို့ သိရှိနားလည်ထားကြောင်း၊ ဒါ့ပြင် စစ်တပ်ကို စီမံခန့်ခွဲနေတဲ့ အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေပြီး၊ လက်ရှိဖြစ်ပွားနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေတာတွေအတွက် တာဝန်ရှိသူဖြစ်တဲ့အပြင်၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအတွက်လည်း တိုက်ရိုက် တာဝန်ရှိသူဖြစ်တယ်ဆိုတာ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ နဲ့ နယူးဇီလန်နိုင်ငံတွေက အသိအမှတ်ပြု၊ ဒဏ်ခတ်အရေးယူထားပြီးဖြစ်ကြောင်း၊ ဒါကြောင့် သူ့ကို ADMM အာဆီယံကာကွယ်ရေးဝန်ကြီးများ စည်းဝေးပွဲကို တက်ရောက်ခွင့် မပြုသင့်ကြောင်း ဒေသတွင်းနဲ့နိုင်ငံတကာ အရပ်ဘက် လူထုအဖွဲ့အစည်း ၆၇၇ ဖွဲ့က ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အာဆီယံအနေနဲ့ ၂၀၂၁ ခုနှစ်၊ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချန်လှပ်ထားခဲ့သလို ၂၀၂၂ ခုနှစ် နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကိုလည်း မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ခွင့်မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။