ကျောင်းသားသပိတ် ဆန့်ကျင်မှု များ ရပ်တန့်ပေးဖို့ တောင်းဆို

0:00 / 0:00

တက္ကသိုလ်တချို့မှာ သပိတ်မှောက်ကျောင်း သား ကျောင်းသူတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြု လုပ်နေတာကို ရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော် မတီတို့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။

တက္ကသိုလ်ကျောင်းတချို့မှာ ပါမောက္ခချုပ်တွေ ဦးဆောင်ပြုလုပ်နေတဲ့ ဆန္ဒပြပွဲတွေဟာ လေးပွင့်ဆိုင် သဘောတူညီချက်တွေကို ချိုးဖောက်နေတယ်လို့ ဒီမို ကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒာစစ်အောင်က စမ်းချောင်းမြို့နယ် ဆော်လမွန် တာဝါမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြော ပါတယ်။

"ယခုရက်အတွင်း ကျောင်းသားများ သပိတ်မှောက် ဆန္ဒပြသူများကို ရပ်ဆိုင်းထားသည့်ကာလတွင် သပိတ်မှောက်ကျောင်းသားများအား ဆန့်ကျင်သည့်လုပ်ရပ်များ ကိုတွေ့မြင်နေရပါသည်၊ ရေဆင်းတက္က သိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မကွေး တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် အခြားတက္ကသိုလ် များတွင် ပါမောက္ခချုပ်များက ဦးဆောင်ပြုလုပ်နေကြပါသည်၊ အဆိုပါလုပ်ရပ်များသည် သပိတ်မှောက်ကျောင်းသားများလိုလားသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးနှင့် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ပျက်ဆီးစေနိုင်သည့်မတည်ငြိမ်မှုကို ဦးတည် နိုင်သောကြောင့် အမြန်ဆုံးရပ်တန့်ပေး ရန် တင်ပြတောင်းဆိုသည်"

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဒီလ ၁၉ ရက်နေ့က အစိုးရသတင်းစာတွေ မှာ ဖော်ပြရာမှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲက သဘော တူတဲ့ဥပဒေ မူကြမ်းလို့ မဖေါ်ပြဘဲ NNER က ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းသဘောမျိုး ဖော်ပြခဲ့တာ ဟာ လေးပွင့်ဆိုင်သဘောတူညီချက်တွေကို ချိုးဖောက်ရာရောက် သလို ပြည်သူတွေ ကြားနားလည်မှုလွဲမှားစေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

လေးပွင့်ဆိုင်သဘောတူညီချက်တွေကို ဖောက်ဖျက်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ တောင်းဆိုချက်ကို NNER နဲ့ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေ က ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ နဲ့ အမျိုးသား လွှတ်တော်ဥက္ကဌ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ထံ ပေးပို့မှာဖြစ်ပါတယ်။

ဒီအကြောင်းကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။