ဒီပဲယင်း ညောင်လှရွာ သုံးကြိမ်မြောက် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

RFA Burmese
2023.01.27
ဒီပဲယင်း ညောင်လှရွာ သုံးကြိမ်မြောက် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ မီရှို့ဖျက်ဆီးခံရသည့် ဒီပဲယင်းမြို့နယ် ညောင်လှရွာမှ မီးလောင်ကျွမ်းနေသည့် နေအိမ်အဆောက်အအုံအချို့အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ညောင်လှရွာကို ဇန်နဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေက စစ်ကောင်စီတပ်က တတိယအကြိမ် ဝင်ရောက်မီးရှို့ခဲ့တာ ကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ပထမအကြိမ် နေအိမ် ၄၈ လုံး၊ ဒီဇင်ဘာ ၃ ရက်နေ့က ဒုတိယအကြိမ် နေအိမ် ၅၀ ကျော်နဲ့  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာ တတိယအကြိမ် ရွာလုံးကျွတ် နီးပါး ထပ်မံ မီးရှို့ခံရတာလို့ ဆိုပါတယ်။

ညောင်လှရွာမှာ နေအိမ် ၁၀၀၀ နီးပါးနဲ့ လူဦးရေ ၃၀၀၀ ကျော် နေထိုင်ပြီး အခုတော့ ဘေးလွတ်ရာ တောင်ယာတွေထဲကို ရွှေ့ပြောင်းနေထိုင်နေတယ်လို့ အမည်မဖော်လိုတဲ့ ညောင်လှရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"၂၃ ရက်နေ့ မနက် ၁၀ နာရီမှာ ရွာကို စဝင်တယ်။ ညနေပိုင်းထဲက ရွာကိုမီးတိုက်တာ၊ တစ်ညလုံး လောင်တယ်။ ၂၄ ရက်နေ့ သူတို့ ပြန်ထွက်သွားတော့ နယ်မြေရှင်းလင်းရေး ဝင်တဲ့အခါ သစ်တိုသစ်စတောင် မကျန်ခဲ့ဘူး။ အကုန်မီးသွေးဖြစ်ကုန်ပြီ"

ရေဦးမြို့နယ်ကနေ လာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ညောင်လှရွာကို စီးနင်းမယ်လို့ သတင်းကြိုရတာကြောင့် ဒေသခံတွေက အချိန်မီ ရှောင်တိမ်းလိုက်နိုင်တယ် လို့ သူက ဆိုပါတယ်။

နေအိမ်တွေ အပါအဝင် ဘာသာရေးအဆောက်အအုံတွေနဲ့ ဆန်စက်၊ ဆီစက်တွေနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေကိုပါ မီးရှို့ ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းက ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ဒီပဲယင်းမြို့နယ်မှာ နေအိမ် ၅၀၀၀ ကျော်၊ ဆိုင်ခန်း ၂၅ ခန်းနဲ့ ဘုန်းကြီးကျောင်း ငါးကျောင်း စစ်ကောင်စီတပ် မီးရှို့လို့ ပျက်စီးခဲ့ရတယ်လို့ ဒီပဲယင်း မြို့နယ်က စစ်ဘေးဒုက္ခသည် အရေး ကူညီနေသူတွေက ပြောပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ ဇန်နဝါရီလ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း နေအိမ်၊ အဆောက်အအုံ ၄၃,၂၁၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းအရ အာဏာသိမ်းချိန် ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။