ဒီပဲယင်းမှာ ဒေသခံတစ်သောင်းကျော် တိမ်းရှောင်နေရဆဲ
2024.08.20
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်က အနီးတစ်၀ိုက်ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် နေရပ်မပြန်နိုင်သေးဘဲ ဆက်လက်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဩဂုတ်လ ၂၀ ရက်နေ့မှာ ပြောပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာလည်း ဒီပဲယင်းမြို့ပေါ် ချမ်းသာကြီးဘုရားနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ပစ်ခတ်နေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူ ကိုကြီးဖြိုးက RFA ကို ပြောပါတယ်။
"ခုမိနစ်ပိုင်းလေးတွေမှာကို ဒီပဲယင်းမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ အဲဒါကြောင့် မပြန်နိုင်သေးတာက ဆယ်ရွာကျော်လောက် ကျန်ဦးမယ်ဗျ။ ဒီရွာတွေက အခုထိ တိမ်းရှောင်ရတုန်းပဲဗျ။ စစ်ရှောင်တွေကတော့ စားနပ်ရိက္ခာက အဓိက လိုအပ်နေတာပါဗျ"
လက်ရှိမှာ လက်ယက်ကုန်း၊ အောင်ချမ်းသာ၊ မူးကတွင်း၊ ငြိမ်းချမ်း (ရွာသစ်)၊ ၀ဘာ၊ မဲသယ် စတဲ့ ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေကို ဩဂုတ်လ ၁၅ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်တာနဲ့ စစ်အင်အားထပ်ဖြည့်တာတွေ ပြုလုပ်ပြီး ဩဂုတ်လ ၁၈ ရက် ညနေပိုင်းမှာမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။