တာချီလိတ် နယ်စပ်ဂိတ်မှာ PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ ပြန်လွှတ်ခံရ

RFA Burmese
2024.11.29
တာချီလိတ် နယ်စပ်ဂိတ်မှာ PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေ ပြန်လွှတ်ခံရ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်းတစ်နေရာအား ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံကိုဝင်ရောက်ဖို့ ကြိုးစားသူတွေအထဲက အလည်အပတ် (PV) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို ဖြတ်သန်းခွင့်မပေးဘူးလို့ တာချီလိတ် ဒေသခံတွေက နိုဝင်ဘာလ ၂၈ ရက် ဒီနေ့မှာ ပြောပါတယ်။

နိုဝင်ဘာ ပထမပတ်ကစပြီး တာချီလိတ် နယ်စပ်ဂိတ်ကတစ်ဆင့် ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ထွက်ခွာမဲ့လူငယ်တွေကို မြန်မာလူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ချို့က ဖြတ်သန်းခွင့်မပေးဘဲ ပြန်လွှတ်နေတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ တာချီလိတ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ပတ်စ်ပို့ပါလည်း ပေးဖြတ်ဖို့ မလွယ်တော့တဲ့အနေအထားပဲ။ ဒီတစ်ပတ်လောက်ကစလို့ PV တွေ၊ PJ တွေကို ပေးမဖြတ်တော့တာ။ တချို့ လှည့်ပြန်ရတာတွေလည်း ရှိတယ်။ အခု ခါတိုင်းထက် ပိုပြီးတော့ စစ်တယ်။ မြန်မာဘက်က အရာရှိတွေက မယုံသင်္ကာ မျက်လုံးတွေနဲ့ ကြည့်တယ်။ ဆေးကုတာနဲ့ ကျောင်းကိစ္စနှစ်ခုပဲ။ကျောင်းသားတွေကိုတောင် အသက်အရွယ်နဲ့ ရွေးလွှတ်တယ်”

နယ်စပ် ဖြတ်သန်းခွင့်မရဘဲ ပြန်လွှတ်ခံရတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးသလို RFA အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

တာချီလိတ် နယ်စပ်ဂိတ်မှာ ရှမ်းပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကိုသာ နယ်စပ်ကူးခွင့်ပေးပြီး တခြားပြည်နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို စိစစ်တင်းကျပ်နေတယ်လို့ နောက်ထပ် တာချီလိတ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ပတ်စ်ပို့တွေနဲ့က နယ်စပ်ကိုလာတဲ့သူ တော်တော် များလာတယ်။ ပြီးခဲ့တဲ့လက အဖွဲ့စုံနဲ့ ဘုတ်ထိုင်တယ်။ အဲဒီနောက်ပိုင်းကစပြီး စရဖ ကောင်တာ၊ လဝက ကောင်တာ စတဲ့ သက်ဆိုင်ရာကောင်တာတွေ ဖြတ်ရမယ်ဆိုရင် သက်ဆိုင်ရာ ကောင်တာတွေကနေ စိစစ်ပြီးတော့မှ လွှတ်မယ်ဆိုပြီး သိရတယ်။ ပတ်စ်ပို့နဲ့ ထွက်တဲ့အဖွဲ့တွေကို လေဆိပ်မှာစစ်သလို စစ်မယ်လို့ လုပ်ထားတယ်။ အဲဒါကြောင့် အခု မှတ်ပုံတင်တွေနဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေလုပ်ပြီးပဲ ဝင်တော့တဲ့သူ များတယ်။ အခုရက်ပိုင်းကြားတာက ၁၃ မျဥ်းစောင်း မှတ်ပုံတင်နဲ့ပဲ ပေးဝင်မယ်လို့လည်း ကြားတယ်။ တော်တော် တင်းကျပ်နေတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အလားတူ တနင်္သာရီတိုင်း ကော့သောင်းမြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာလည်း PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို အခုရက်ပိုင်းအတွင်းမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေကနေ ခုနစ်ရက် သက်တမ်းရှိတဲ့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ နှစ်နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ အလည်အပတ် နိုင်ငံကူးလက်မှတ်၊ အလုပ်အကိုင် နိုင်ငံကူးလက်မှတ် စတဲ့အမျိုးအစားတွေနဲ့ နယ်စပ်ဖြတ်ကျော် သွားလာခွင့်ပြုထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ခွာမှု ပိုများလာတာကြောင့် လေဆိပ်တွေနဲ့ နယ်စပ်ဂိတ်တွေကတစ်ဆင့် လူငယ်တွေကို ပြည်ပထွက်ခွာခွင့်ကို တစ်ဆင့်ပြီးတစ်ဆင့် ကန့်သတ်တင်းကျပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။