တာချီလိတ်မှာ ချောင်းရေမြင့်တက်လို့ ရပ်ကွက်တချို့ ရေနစ်မြုပ်
2024.08.13
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဩဂုတ်လ ၁၃ ရက်နေ့ ညပိုင်းကစပြီး တောင်ကျချောင်းရေ မြင့်တက်လာတာကြောင့် ရပ်ကွက် ခြောက်ခုထက်မနည်း ရေကြီးနစ်မြုပ်မှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလတ်မြို့က မယ်ဆိုင်ချောင်း ရေမြင့်တက်လာတာကြောင့် ချောင်းအနီး မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း၊ မယ်ခေါင်နဲ့ ဝမ်ကောင်းအပါအဝင် ရပ်ကွက်တချို့မှာ ရေကြီးနစ်မြုပ်နေတာပါ။
တာလော့ရပ်ကွက်က တချို့မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးမှုဟာ ခါးလယ်လောက်အထိ မြင့်တက်ခဲ့တယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့ကြောင့် ရေကြီးနေတဲ့ရပ်ကွက်တွေက ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေနဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက တိုက်တွန်းထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံအများစုကတော့ ဩဂုတ်လ ၁၄ ရက်နေ့မနက်အထိ မပြောင်းရွှေ့ကြသေးဘဲ အခြေအနေ စောင့်ကြည့်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက RFA ကိုပြောပါတယ်။
"ဒီမနက်အထိတော့ အများစုကတော့ မရွှေ့ကြပါဘူး။ ဒီမနက် ရေကလည်း နည်းနည်းပြန်ကျတော့လေ။ ဒီတိုင်း ရှောင်ကွင်း သွားလာနေကြတာလေ။ ကျွန်တော်တို့ကတော့ ရေစီးသန်တဲ့နေရာတွေမှာ ကြိုးတွေနဲ့လိုက်ပို့တယ်။ လှေသွားရတဲ့နေရာတွေမှာ လှေနဲ့ လိုက်ပို့ပေးနေပါတယ်"
ရေဘေးသင့်သူတွေကို ထမင်းထုပ်တွေ ဝေငှပေးဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြင်ဆင်နေတာတွေလည်းရှိတယ်လို့ သူကပြောပါတယ်။
တာချီလိတ်မြို့နယ်ရဲ့ မယ်ဆိုင်ချောင်းရေဟာ သြဂုတ်လ ၁၄ ရက်နေ့ မနက် ၄ နာရီအချိန်မှာ စိုးရိမ်ရေမှတ် ၄၁၀ စင်တီမီတာအထိ ရောက်နေတယ်လို့လည်း ရေဘေးကူညီရေး လုပ်နေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုတွေကြောင့် လူနှစ်သိန်းကျော် ရေးဘေးဒုက္ခကြုံခဲ့ရပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။