တနင်္သာရီမှာ ရွာ ၁၁ ရွာခန့် ရေဘေးသင့်

RFA Burmese
2024.07.28
တနင်္သာရီမှာ ရွာ ၁၁ ရွာခန့် ရေဘေးသင့် တနင်္သာရီမြစ်ရေ မြင့်တက်သဖြင့် တနင်္သာရီမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေနစ်မြုပ်နေမှုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
MOI Photo

တနင်္သာရီမြစ်ရေ မြင့်တက်နေလို့ တနင်္သာရီမြို့ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ရွာ ၁၁ ခန့်မှာ ရေဝင်နစ်မြုပ်နေပြီး ဒေသခံတချို့လည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၂၈ ရက်နေ့မှာ ပြောပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ကနေ ဒီနေ့အထိ ရေကြီးရေလျှံနေတာ ငါးရက်ခန့် ကြာလာပြီဖြစ်ပြီး မြစ်အနီးတစ်၀ိုက်က ရွာတွေဖြစ်တဲ့ ဘန်းသဲ၊ အရှေ့မော်တုံး၊ အနောက်မော်တုံး၊ မြေမအုံ၊ ပ၀ စတဲ့ရွာတွေမှာ ရေဝင်နစ်မြုပ်နေတာလို့ ပ၀ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“၂၄ ရက်နေ့ကတည်းက စပြီးတက်လာတာ။ တစ်ရက်ကို တစ်ပေခွဲ နှစ်ပေလောက်ထိ တက်လာတာ။ အခုလက်ရှိတော့ လက်နှစ်လုံးလောက်တော့ ကျသွားတယ်။ ဒါပေမဲ့ ညဆိုရင် ပြန်တက်လာမှာ။ မနေ့ကညဆိုရင်လည်း နှစ်ပေလောက် တက်လာတယ်။ ကျွန်တော်တို့လည်းအခု မြင့်တဲ့နေရာက အိမ်မှာ အကူအညီတောင်းပြီးနေရတယ်”

ဒေသခံအများစုက နေအိမ်အမြင့်ပိုင်းတွေမှာ ဆက်လက်နေထိုင်ကြပြီး လူလေးရာခန့်ကတော့ ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ သူက ပြောပါတယ်။

ရေကြီးနေပြီး ရွာတွေဘက် ဈေးရောင်းသူတွေ မလာတော့တာကြောင့်လည်း စားနပ်ရိက္ခာ အခက်အခဲ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရေကြီးတာထက်ကို အစားအသောက် တော်တော်အခက်အခဲရှိတယ်။ ဒီမှာက စျေးက နေ့စဉ်ရှိနေတာ မဟုတ်ဘူး။ ငါးဆိုင်ကယ်တွေ ဘာတွေလာတော့မှ စားသောက်ရတာဆိုတော့ အရမ်းအခက်အခဲရှိတယ်။ ငါးပိ ငါးခြောက်လေးတွေတော့ ဒီမှာရှိပေမဲ့ အခုရေကြီးလာတော့ အားလုံးက ဝယ်လှောင်ကြတော့ အစားအသောက်က အခက်အခဲရှိတယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနကတော့ တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် လေးပေအထိ ကျော်လွန်နေပြီး စာသင်ကျောင်းငါးကျောင်း ယာယီပိတ်ထားရတယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့မှာ သတင်းဖော်ပြပါတယ်။

ဇူလိုင်လဆန်းပိုင်းကစပြီး နိုင်ငံတစ်ဝန်း ရေကြီးနေတာကြောင့် လူပေါင်း သောင်းနဲ့ချီ ရေဘေးဒုက္ခကြုံခဲ့ရပြီး သီးနှံစိုက်ခင်းတွေ ရေမြှပ်တာ၊ နေအိမ်တွေ ရေထဲမျောပါ ပျက်စီးတာနဲ့ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။