စစ်ကြောင်းထိုးစီးနင်းမှုကြောင့် တနင်္သာရီဒေသခံ တစ်ထောင်ကျော် ထွက်ပြေး

RFA Burmese
2025.01.29
စစ်ကြောင်းထိုးစီးနင်းမှုကြောင့် တနင်္သာရီဒေသခံ တစ်ထောင်ကျော် ထွက်ပြေး တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုး အဖွဲ့

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းနေတာကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

စစ်ကြောင်းကြောင့် ဂုံညှင်းဆိပ်၊ ချောင်းဝပြင်၊ သရက်ပင်အိုင်နဲ့ ရေချိုချောင်း စတဲ့ရွာမှာနေထိုင်သူတွေ ထွက်ပြေးနေရပြီး စားရေးသောက်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ချောင်းဝပြင်ရွာကို ဝင်ရောက်စီးနင်းပြီးနောက် ဂုံညှင်းဆိပ်ရွာကို ဆက်လက်စီးနင်း ဝင်ရောက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်ကူညီနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကြောင်းက ကြာမဲ့သဘောရှိတယ်။ ဂုံညှင်းဆိပ်ရွာနားမှာပဲ ဒီနေ့အထိရှိသေးတယ်။ လူတွေ့ရင်လည်း ဆွဲတယ်။ ဒါကြောင့် ဘယ်သူ့မှ မနေရဲကြတော့ဘူး။ အကုန်လုံး ထွက်ပြေးနေရတာ။ ညကလည်း လက်နက်ကြီးတွေ ငါးလုံးလောက် ပစ်နေတယ်"

စစ်ကြောင်းဝင်လာချိန်မှာ အချိန်မီထွက်မပြေးနိုင်တဲ့ အရပ်သားတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးအခြေအနေ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းရှိတဲ့ ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစီးနင်းမှုတွေ ဒီရက်ပိုင်းထဲလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။