တနင်္သာရီတိုင်းမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော်ရှိလာ

တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း ဒေသ တွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော် ရှိနေတယ်လို့ ဒေါန တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ တနင်္သာရီ၊ ထားဝယ်၊ ပုလော စတဲ့မြို့နယ်တွေက အများဆုံး ရှိနေတယ်လို့ ဒေါန တနင်္သာရီရဲ့ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပြပါတယ်။

"တနင်္သာရီမြို့နယ်ဘက်မှာ စစ်ရှောင်စုစုပေါင်း ၈၀၀၀ ကျော်ရှိပါတယ်။ တနင်္သာရီတိုင်း တစ်ခုလုံးဆိုရင် စစ်ရှောင်စုစုပေါင်း ၁၅,၀၀၀ နဲ့ ၂၀,၀၀၀ ကြားမှာ ရှိပါတယ်ဗျ။ အဲဒီ ဘက်မှာ စခန်းနဲ့ နေတာမျိုးကမရှိဘူး။ ဒါကြောင့် သူတို့လာရှောင်တဲ့ အနီးနားပတ်ဝန်း ကျင် ကျေးရွာတစ်ဝိုက်က ရွာတွေကို စုပေါင်းပြီး ကော်မတီ တစ်ခုဖွဲ့ပြီး လိုအပ်တာ တွေကို ကူညီပေးနေတာပါခင်ဗျ"

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်က ပုလောမြို့နယ် ထဲက ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေကို ထိုးစစ်ဆင်ရာကစလို့ တိုက်ပွဲတွေ အခုချိန်အထိ ဖြစ်ပွားနေတယ်လို့ ဒေါန တနင်္သာရီအဖွဲ့က ဆိုပါတယ်။

အခုဆိုရင် တနင်္သာရီမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၈၀၀၀ ခန့်၊ ပုလောမြို့နယ်က စစ်ဘေး ဒုက္ခသည် စခန်းသုံးခုမှာ ၁၂၀၀ ခန့်၊ ထားဝယ်မြို့နယ်မှာ ၁၂၀၀ ခန့်၊ သရက်ချောင်းမြို့နယ် မှာ ၁၀၀၀ ခန့်နဲ့ ရေဖြူမြို့နယ်မှာ ၂၀၀ ခန့် ရှိနေတယ်လို့ ဇွန်လ ၆ ရက်နေ့က ဒေါန တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ တစ်နှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာလည်း တနင်္သာရီမြို့နယ် တကူကျေးရွာနဲ့ သာရဘွင်ကျေးရွာ အနီး စစ် ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ် PDF တွေအကြား သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာပေါင်း ၁၃ ရွာခန့်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။