တောင်ကြီး NLD ခေါင်းဆောင်တွေကို ဦးဝင်းထိန်လက်မှတ်နဲ့ ထုတ်ပယ်
2017.07.06

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် NLD ပါတီ ဥက္ကဌ၊ ဒုတိယဥက္ကဌ အပါအဝင် အလုပ်အမှုဆောင် ၁၄ ဦးကို ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွ့ဲဝင် ဦးဝင်းထိန်လက်မှတ်နဲ့ ထုတ်ပယ်လိုက်ပါတယ်။
တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ချက်နဲ့ လုပ်တယ်ဆိုတာ အာဏာရှင်ဆန်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ထုတ်ပယ်ခံလိုက်ရတဲ့ တောင်ကြီးမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဇော်ဝင်းထူးက ပြောပါတယ်။
"ကျနော်တို့ပါတီက အတွင်းရေးမှူး ၅ ဦးနဲ့ ဖွဲ့ထားတယ် ဗဟို CEC အဖွ့ဲ ၁၇ ဦးရှိတယ် တရားဝင် ထုတ်ပယ် မယ်ဆိုရင် ဗဟို CEC ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရဆိုပြီး တရားဝင် အကြောင်းကြားစာတွေ ကျနော် တို့ အသိအမှတ်ပြု စည်းတံဆိပ်တွေ၊ ရွှေဂုံတိုင်က ကြေညာချက်တွေနဲ့ ပေးပို့ရပါတယ်။ အဲဒါမျိုးပေးပို့မှ ကျနော်တို့ လက်ခံနိုင်ပါမယ်၊ တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်အရဆိုတာ အာဏာရှင်ဆန်ပါတယ်၊ ဒါကို ကျနော်တို့ လက်မခံနိုင်ပါဘူး"
ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲတပ်ထားတဲ့ ပါတီကထုတ်ပယ်ကြောင်း အကြောင်းကြားစာကို မနေ့က ဇူလိုင် ၅ ရက်နေ့မှာ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ NLD ပါတီ ခေတ္တနေပြည်တော် တံဆိပ်တုံးနဲ့ ထုတ်ပြန်တဲ့ အဲဒီစာကို လက်မခံနိုင်တဲ့အတွက် ပါတီဗဟိုရဲ့ ဆုံးဖြတ်ချက်နဲ့ ဗဟိုတံဆိပ်တုံးနဲ့ ထုတ်ပြန်ချက်ကိုသာ လက်ခံနိုင်မယ် ဆိုတဲ့အကြောင်း ပြန်ကြားထားတယ်လို့ ပြောပါတယ်။
ပါတီကနေ ထုတ်ပယ်လိုက်ကြောင်း အကြောင်းကြားစာထဲမှာ တောင်ကြီးမြို့နယ် NLD ပါတီ ဥက္ကဌ ဦးခွန်သန်းလွင် ၊ ဒုတိယဥက္ကဌ ဒေါ်မြမဉ္ဇူ၊ အတွင်းရေးမှူး ဦးဇော်ဝင်းထူး၊ ပြန်ကြားရေး ဒေါ်ပန်းမြိုင်နဲ့ အလုပ်အမှုဆောင် ဦးတင်ရွှေ တို့ဟာ နုတ်ထွက်စာတင်ထားတဲ့အတွက်ဖြစ်ပြီး ကျန်တဲ့ အလုပ်အမှုဆောင် ၉ ဦးကတော့ ပါတီနဲ့ ကင်းကွာမှုရှိနေ တဲ့အတွက် ထုတ်ပယ်တာလို့ ပါရှိပါတယ်။
နုတ်ထွက်စာတင်ထားသူတွေက ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလက တင်ခဲ့တာဖြစ်ပြီး အဲဒီနုတ်ထွက်စာကို ခရိုင်အဆင့်က ပယ်ချခဲ့တဲ့အတွက် ပြန်လည် ရုပ်သိမ်းခဲ့တယ်လို့ ဦးဇော်ဝင်းထူးက ပြောပါတယ်။
ပါတီက ပေးပို့တဲ့ အကြောင်းကြားစာမှာတော့ ထုတ်ပယ်ခံရတဲ့ အလုပ်အမှုဆောင် ၁၄ ဦးဟာ မြို့နယ် ပါတီရုံးကို လာရောက်ခြင်းမရှိတဲ့အပြင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိလို့ ထုတ်ပယ်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။