တောင်သာမြို့က စစ်ကောင်စီတပ်စခန်းတွေကို PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်
2024.08.12
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ သြဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နိုင်ငံပိုင် အမှတ် (၁၀) အထည်ချုပ်စက်ရုံ၊ မြန်မာ - တရုတ် ဓာတ်ငွေ့ပိုက်လိုင်းအနီးက စစ်ကောင်စီတပ်စခန်းနဲ့ ပျူစောထီးအားကောင်းတဲ့ ဘုရားလှရွာတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီနေ့ မနက် ၅ နာရီခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ကူတာတွေအပြင် မြင်းခြံမြို့ ခမရ (၁၅) တပ်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးနေတာကြောင့် နေ့လယ်ပိုင်းမှာ ဆုတ်ခွာခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ အောင်မြင်စွာ ဆုတ်ခွာခဲ့တယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်တော့ ဗိုက်ထိသွားတယ်။ အထည်ချုပ်စက်ရုံနားမှာ PDF တွေ ရှိတယ်ဆိုပြီး လေယာဥ်နဲ့ ဗုံးတစ်လုံးကြဲသွားတယ်။ နောက်ပြီး ဘုရားလှ ပျူရွာမှာလည်း ကျွန်တော်တို့ရှိတယ်ဆိုပြီး တစ်လုံးကြဲသွားတယ်"
တောင်သာမြို့နဲ့ ဆယ်မိုင်ခန့်ဝေးတဲ့ ဝဲလောင်ရွာ ဓာတ်အားခွဲစက်ရုံအနီးက စစ်ကောင်စီတပ်စခန်းကိုလည်း ဩဂုတ်လ ၁၀ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သားတချို့ သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တို့ကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဖော်ဆောင်ပြီး စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်နေတာပါ။
မန္တလေးတိုင်းအတွင်းက အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစလို တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအနဲ့အတူ မန္တလေးတိုင်းအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး မိုးကုတ်နဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားသလို ဆက်လက်ပြီး မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်တွေမှာ တိုက်ပွဲတွေ ကျယ်ပြန့်လာနေတာ ဖြစ်ပါတယ်။
အခုလို တိုက်ပွဲတွေ ကျယ်ပြန့်လာတာကြောင့် မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီက ခံစစ်အတွက် ပြင်ဆင်နေတာတွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။