စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ တောကျောင်းလေးရွာမှာ နှစ်ရက်တာ တပ်စွဲသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၄ ရက် မနေ့က ရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ခဲ့ပြီး အမျိုးသားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ရွာကနေ ပြန်အထွက်မှာ ရွာသား ၆၀ နီးပါးကို ဖမ်းခေါ်သွားတဲ့အပြင် ရွာကိုပါ မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၁၂ ရက်နေ့က စစ်သားတွေ စစ်ကြောင်းထိုးလာပြီး ရွာကိုဝင်လာတာ၊ တချို့ကလည်း ရွာကနေ ထွက်ပြေးကြတယ်။ တချို့ကလည်း အန္တရာယ်မရှိပါဘူးဆိုပြီး မပြေးဘူး၊ အခုက သူတို့ပြန်အထွက်မှာ ရွာကို မီးရှို့တယ်။ ရွာဘေးပတ်လည်မှာ အလောင်းသုံးလောင်း တွေ့ရတယ်။ တစ်ယောက်ဆိုရင် ဓားနဲ့ ခုတ်ပြီး သေနတ်နဲ့ ပစ်ထားတာ၊ မီးလောင်ထားတဲ့ အိမ်တွေထဲ အကုန်ဝင်မကြည့်ရသေးတော့ အိမ်ထဲမှာလည်း သေဆုံးသူတွေ ရှိနိုင်ဦးမလား မသိဘူး”
စစ်ကြောင်းပြန်ထွက်သွားတာကြောင့် ဒေသခံအချို့ ရွာထဲပြန်နေကြပေမယ့် တချို့ကတော့ ပြန်မလာရဲကြသေး ဘူးလို့လည်း ဒေသခံက ဆိုပါတယ်။
ချောင်းဦးမြို့နယ်ဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်ပြီး အဆက်အသွယ်လည်း မရတာကြောင့် ဖမ်းခေါ်သွားတဲ့ ရွာသားတွေအတွက်ပါ စိတ်ပူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရွာသားတွေနဲ့ ပတ်သက်ပြီး အခြေအနေသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်နေပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။
အဲဒီရွာကနေ ပြန်ထွက်သွားတဲ့ စစ်ကောင်စီတပ်သား အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဇွန်လ ၁၅ ရက် ဒီနေ့မှာတော့ ချောင်းဦးမြို့ပေါ် ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။