တန့်ဆည်တိုက်ပွဲမှာ PDF ၁၁ ဦး သေဆုံး
2025.03.13
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မတ်လ ၁၀ ရက်နေ့ညပိုင်းက တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးသွားတယ်လို့ စစ်ရေးအခြေအနေကို သိရှိတဲ့ တန့်ဆည်ဒေသခံတွေက RFA ကို ပြောပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်တွေက တန့်ဆည်မြို့အနီးက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲထားတဲ့ ဝါးရငယ်၊ ရွာသစ်နဲ့ ဆင်ငယ်ရွာတို့ကို မတ်လ ၃ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက် နေတာဖြစ်ပြီး လက်ရှိအချိန်အထိလည်း စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
မတ်လ ၁၀ ရက်နေ့ ည ၈ နာရီခန့်မှာ ဆင်ငယ်ရွာကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ချိန် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာပြင် မြေပြင်ကပါ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့လို့ အထိအခိုက်များခဲ့တာလို့ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မိတ္ထီလာ ရှမ်းတဲက တက်လာတဲ့ ဂျက်ဖိုက်တာနှစ်စင်းက တွဲရက်လာပြီး ချသွားတာ။ ရှေ့အစီးကချတဲ့ ပေါင် ငါးရာက လွတ်တယ်။ ငါးမိနစ်လောက်နေတော့ နောက်တစ်စင်းက ပေါင် နှစ်ရာတွေ ထပ်ချသွားတာ။ အဲဒါပြီး သူတို့ (စစ်ကောင်စီတပ်)ဘက်က ဒရုန်းတွေနဲ့ရော ဝိုင်းပတ် ပိတ်ဆို့သွားတာ။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သေဆုံးတာ ၁၁ ယောက် ရှိတယ်”
သေဆုံးသူတွေအပြင် နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ တယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံး၊ ထိခိုက်မှုများခဲ့ပြီး အရေအတွက် အတိအကျကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတွေ စတင်တိုက်ခိုက်ခံရတဲ့ မတ်လ ၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က တန့်ဆည်မြို့နယ်မှာ နေ့စဉ်လိုလို လေကြောင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တန့်ဆည်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ တန့်ဆည်မြို့နယ် ဆင်ငယ်ရွာ တိုက်ပွဲမှာ PDF ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၃ ခုနှစ် နိုဝင်ဘာလက တန့်ဆည်မြို့ပေါ်က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နေရာ သုံးခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတာကြောင့် ရဲစခန်းကို မသိမ်းနိုင်လိုက်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က မြို့အနီးအနားရွာတွေမှာပါ အင်အားအများအပြားနဲ့ အခိုင်အမာ အထိုင်ချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။