တန့်ဆည်နဲ့ ရေဦးက နေအိမ် ၂၆၀ ခန့် မီးရှို့ဖျက်ဆီးခံရ
2024.11.18

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်မှာ ရွာကိုးရွာက နေအိမ် ၂၅၉ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၉ ရက် ဒီနေ့ ပြောပါတယ်။
အင်အား ၁၈၀ ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နိုဝင်ဘာလ ၁၆ ရက်ကနေ ၁၇ ရက် နှစ်ရက်အတွင်း တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်က ရွာတွေကို စစ်ကြောင်းသုံးခုခွဲပြီး စီးနင်းခဲ့တာပါ။
အဲဒီနောက် တန့်ဆည်မြို့နယ်က တပ်သစ် (မြောက်)၊ တပ်သစ် (တောင်)၊ ကလဇင်၊ ပေကုံး ရေဦးမြို့နယ်ထဲက ဆီဆုံ၊ ရွာပုကြီး၊ မုန်တိုင်ပင်၊ စီးမ၊ ရှမ်းဆိပ် စတဲ့ရွာတွေက နေအိမ်တွေ မီးရှို့ခံရတာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ရွာတွေထဲ စီးနင်းမီးရှို့ဖျက်ဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တန့်ဆည်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲမရှိဘဲနဲ့ ရွာတွေကို စီးနင်းမီးရှို့တာပါ။ ရွာမှာကျန်နေတဲ့ ဘုန်းကြီးတွေ၊ အသက်ကြီးသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ ပြောသွားတာတော့ နယ်မြေရှင်းလင်းရေးလာလုပ်တယ်ဆိုပြီးပြောတယ်”
နိုဝင်ဘာလ ၁၈ ရက် မနေ့ကတော့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်မှုတွေရှိပေမဲ့ ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကန့်ဘလူမြို့နယ် ကာဘိုးရွာဘက်ကို ပြန်ဆုတ်သွားပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ ကင်းပုန်းကျန်နေမှာကို စိုးရိမ်တာကြောင့် လူငါးထောင်ကျော် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းကျော်ရှိလာပြီး အဲဒီအထဲက စစ်ကိုင်းတိုင်းမှာ နေအိမ် ခုနစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က နိုဝင်ဘာလ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။