မြောက်ဥက္ကလာပမှာ ကျောင်းဆရာမတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာလ ၅ ရက် ဒီနေ့မနက် ၈ နာရီခွဲအချိန်ခန့်က ကျောင်း တက်ဖို့ သွားတဲ့ အထက်တန်းပြ ကျောင်းဆရာမတစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အပစ်ခံရသူဟာ အထက်တန်းပြဆရာမ ဒေါ်လှလှသန်းဖြစ်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ အထက (၂) ကျောင်းကိုသွားဖို့ အငှားယာဉ်တက္ကစီနဲ့ ထွက်လာချိန် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် သုဓမ္မာလမ်းနဲ့ နွယ်နီလမ်းထောင့်မှာ မီးပွိုင့်မိနေစဉ် အပစ်ခံခဲ့ရတာပါ။

အငှားပေါ်မှာရှိနေချိန်မှာပဲ သေနတ်နဲ့ သုံးချက်အပစ်ခံခဲ့ရတာဖြစ်ပြီး မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေါ်လှလှသန်းဟာ စစ်ကောင်စီကို သတင်းပေးတိုင်ကြားမှုတွေလုပ်နေတာကြောင့် ထွက်ပြေးရတဲ့ လူငယ်တွေ များစွာရှိနေပြီး ပထမအကြိမ် သတိပေးစာထုတ်ပြန်ပြီးချိန်အထိ သတင်းပေးတိုင်ကြားမှုတွေ ဆက်လက်လုပ် ကိုင်နေလို့ နောက်ဆုံးအကြိမ် သတိပေးကြောင်း Generation Z Defence Force နဲ့ Human Right Defenders ဆိုတဲ့ ပြောက်ကျားအဖွဲ့နှစ်ဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့မှာ သတိပေးစာထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီသတင်းပေးဒလန် ဆက်လုပ်နေပါက အသက်ပျောက်အောင်ပြုလုပ်တော့မှာဖြစ်တယ်လို့လည်း အဲဒီအဖွဲ့နှစ်ဖွဲ့ရဲ့ နိုဝင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီကနေ့ ဆရာမဒေါ်လှလှသန်း ပစ်သတ်ခံရတဲ့ကိစ္စကိုအပေါ် ဘယ်အဖွဲ့က လုပ်ခဲ့သလဲဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး မြို့နယ် ၄၆ မြို့နယ်ကလွဲလို့ တစ်နိုင်ငံလုံးက ကျန်တဲ့မြို့နယ်တွေမှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအပါအဝင် အခြေခံပညာစာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ် ရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပေမယ့် ကျောင်းတက်ရောက်သူကတော့ မရှိသလောက် နည်းပါးနေပါတယ်။