တီးတိန်မှာ အဓမ္မပြုကျင့်ခံခဲ့ရသူအတွက် လက်တုံ့ပြန်မယ်လို့ CDF အဖွဲ့တွေ ထုတ်ပြန်

2021.11.16
တီးတိန်မှာ အဓမ္မပြုကျင့်ခံခဲ့ရသူအတွက် လက်တုံ့ပြန်မယ်လို့ CDF အဖွဲ့တွေ ထုတ်ပြန် ချင်းပြည်နယ် တီးတိန်မြို့ အဝင်တစ်နေရာကို တွေ့ရစဉ်
Photo: RFA

ချင်းပြည်နယ် တီးတိန်မြို့ အာလွယ်ရွာက အသက် ၂၇ နှစ်အရွယ် မီးဖွားပြီးစ ကလေးမိခင်ကို အဓမ္မပြုကျင့်ခဲ့ သူတွေကို လက်တုံ့ပြန်သွားမယ်လို့ ချင်းပြည်နယ်ထဲက ဒေသခံကာကွယ်ရေးအဖွဲ့ CDF တွေက ကြေညာချက် တွေ အသီးသီး ထုတ်ပြန်လိုက်ကြပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ညက တီးတိန်မြို့နယ် အာလွယ်ကျေးရွာ (Aklui) မှာ အသက် ၂၇ နှစ်အရွယ် မီးဖွားပြီးစ ကလေးသုံးယောက်မိခင်ကို သူ့ခင်ပွန်းဖြစ်သူရှေ့မှာ စစ်သားသုံးယောက်က ည ၁၁ နာရီမှာ တစ်ကြိမ် ည ၁၂ နာရီမှာ နှစ်ယောက်က တစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ရဲ့ ဦးလေးဖြစ်သူက RFA ကို ပြောထား ပါတယ်။

နောက်ပြီး ဒီဖြစ်ရပ်ကို ထုတ်ဖော်ပြောခဲ့တဲ့သူတွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာမျိုးတွေ ရှိခဲ့တယ် လို့ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU) ကလည်း ဒီနေ့ နိုဝင်ဘာ ၁၆ ရက် မှာ ထုတ်ပြန်ထားပါတယ်။

ဒါဟာ ဇိုမီးလူမျိုး၊ ချင်းတစ်မျိုးသားလုံးနဲ့ ပြည်သူတစ်ရပ်လုံးကို စော်ကားတာဖြစ်သလို စစ်ကောင်စီ လက်ပါးစေတွေကို လက်တုံ့ပြန်သွားမယ်လို့လည်း ZFU ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကာယကံရှင်ကိုယ်တိုင်ကလည်း CDF-KKG (Kalay-Kabaw-Gangaw) အဖွဲ့ကို တိုင်ကြားလာပြီးဖြစ်တဲ့ အတွက် လက်တုံ့ပြန်သွားမယ်လို့ အဲဒီ CDF အဖွဲ့တွေက နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

CDF-KKG အဖွဲ့အနေနဲ့ ကာယကံရှင်မိသားစုကို ဘေးလွတ်ရာ ပြောင်းရွေ့ပေးခဲ့ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ စစ်သား သုံးယောက်တို့ရဲ့ နာမည်နဲ့ ကိုယ်ပိုင်နံပါတ်တွေကို ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း အဓမ္မကျုးလွန်သူတွေနဲ့ တာဝန်ရှိသူတွေဟာ ဒီဖြစ်စဉ် အတွက် တာဝန်ယူရမယ်လို့ နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တွန်းဇံ CDF အဖွဲ့ကလည်း အခုဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုသာမက ချင်းလူမျိုးတွေကို အနိုင်ကျင့် စော်ကားတာ ဖြစ်လို့ လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ နိုဝင်ဘာ ၁၆ ရက် ဒီကနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဖြစ်ရပ်ကို စုံစမ်းနေဆဲပဲလို့ နိုဝင်ဘာ ၁၅ ရက်နေ့က RFA ကို ဖြေဆိုထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာမှာ ခြံစောင့်နေတဲ့ အသက် ၆၂ နှစ်အရွယ် ကချင်အမျိုးသမီး တစ်ယောက်ကို စစ်သားတစ်ယောက်က အဓမ္မပြုကျင့်ခဲ့တာကို စစ်ကောင်စီက ဝန်ခံခဲ့ပြီး စစ်ဘက် နယ်ဘက် တရားဥပဒေတွေအတိုင်း အရေးယူသွားမယ်လို့ ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-11-17 01:20

လက်နက်ကိုင်တဲ့သူတွေကဟိုးဘက်ခြမ်းမှာနေ၊ လက်နက်မကိုင်တဲ့ပြည်သူတွေကဒီဘက်ခြမ်းမှာနေ ခရိုအရောင်စုံကအလယ်မှာနေ