သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်
2024.08.26
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၆ ရက်နေ့ ဒီနေ့ ထုတ်ပြန်ပါတယ်။
သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၁၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၂၅ ရက်နေ့ မနေ့က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲမှာ ပြင်ဦးလွင်၊ မန္တလေး၊ ရွှေဘိုနဲ့ ကန့်ဘလူခရိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ NUG က ပြောပါတယ်။
တိုက်ပွဲအတွင်း သပိတ်ကျင်း၊ မိုးကုတ်နဲ့ စဥ့်ကူးမြို့နယ်တွေကို အုပ်ချုပ်ရတဲ့ ခရိုင်စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။
ဖမ်းမိထားသူကို စစ်သုံ့ပန်း ဥပဒေအရ ထိန်းသိမ်းထားတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဖမ်းထားတဲ့သူတွေကိုတော့ စစ်သုံ့ပန်း ဥပဒေအရ ထိန်းသိမ်းထားပါတယ်။ မြို့ပေါ်မှာ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ သူတို့က သပိတ်ကျင်း ဘုရားတောင်ကုန်းပေါ်မှာပဲ စုပြီးနေကြတာ။ အဲဒီတောင်ကုန်းကိုပဲ တိုက်ရတာ”
သပိတ်ကျင်းမြို့နယ်ထဲမှာ ခုနစ်မိုင်၊ လေးမိုင်၊ အမှတ် ( ၂ ) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း စတဲ့ တပ်စခန်းတွေ ကျန်ရှိနေပါသေးတယ်။
ကိုးရက်ကြာ တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံးပေါင်း နှစ်ရာကျော် ကြဲချတိုက်ခိုက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ ဘက်က လေဦးသေဆုံးသွားတယ်လို့ အမှတ် (၁) စစ်ဒေသကလည်း ဩဂုတ်လ ၂၆ ရက်ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ကလည်း ကွင်း (၅၀၀) စစ်ကောင်စီ တပ်စခန်းကိုဩဂုတ်လ ၂၅ ရက်နေ့မှာ သိမ်းပိုက်လိုက်ပါတယ်။
လက်ရှိမှာ မိုးကုတ်-စဥ့်ကူးလမ်းပိုင်းကြားရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံး ကင်းစင်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
မန္တလေးတိုင်းထဲက မိုးကုတ်၊ စဥ့်ကူး၊ တကောင်း စတဲ့မြို့တွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။