သပိတ်ကျင်းက စစ်ကောင်စီစခန်းတစ်ခုကို သိမ်းယူကြောင်း NUG ထုတ်ပြန်

RFA Burmese
2024.07.27
သပိတ်ကျင်းက စစ်ကောင်စီစခန်းတစ်ခုကို သိမ်းယူကြောင်း NUG ထုတ်ပြန် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းတောင်ပေါ်တွင်ရှိသည့် ရဲကင်းကို သိမ်းယူခဲ့ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား NUG မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ က ထုတ်ပြန်ထားစဉ်။
MOD-NUG

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ရဲကင်းကို သိမ်းယူခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံး ကွပ်ကဲမှုနဲ့ အမှတ် (၃) အထူးတပ်ရင်းနဲ့ သပိတ်ကျင်းမြို့နယ် (ပကဖ) တို့ ပူးပေါင်းပြီး ဇူလိုင်လ (၂၅) ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဆီကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်ဆိုပေမယ့် နှစ်ဖက်ထိခိုက်ကျဆုံးတာကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

စခန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇူလိုင်လ ၂၁ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ် အင်းနက်ရွာအနီး တာဝါတိုင်ကုန်းပေါ် အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းယူခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အလားတူ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာက ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းယူခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောထားပါတယ်။

မန္တလေးတိုင်းထဲက စဥ့်ကူး၊ မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာလည်း TNLA၊ MDY-PDF၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲပြင်းထန်နေပြီး စဥ့်ကူးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။