ထိုင်းလေတပ်ဦးစီးချုပ်နဲ့ စစ်ခေါင်းဆောင် တွေ့ဆုံ
2023.11.24
မြန်မာနိုင်ငံကိုရောက်နေတဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဟာ နိုဝင်ဘာလ ၂၃ ရက်နေ့က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်နဲ့မတွေ့ခင် နိုဝင်ဘာ ၂၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်နဲ့ အရင်တွေ့ပြီး သင်တန်းသားစေလွှတ်ဖို့၊ နှစ်နိုင်ငံ လေတပ်ဆက်ဆံရေး ပိုကောင်းဖို့ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
မြန်မာပြည်မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာ နှစ်နိုင်ငံလေတပ် ဆက်ဆံရေး ပိုမိုနီးစပ်လာတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လေတပ်က တပ်ကြပ်ကြီး ဇေယျက သုံးသပ်ပါတယ်။ အဲဒီလို နှစ်နိုင်ငံလေတပ်ဆက်ဆံရေး အားကောင်းတာဟာ နယ်စပ်မှာရှိတဲ့ တော်လှန်ရေး တပ်စခန်းတွေအပေါ် သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ သူက ယူဆပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တချို့တပ်စခန်းတွေက ထိုင်း-မြန်မာ နယ်ခြားမျဉ်းမှာရှိတယ်။ အဲ့ဒီစခန်းတွေကို ဗုံးကြဲမယ်ဆိုရင် အနည်းနဲ့အများကတော့ ထိုင်းဘက်ထဲကို ကျမှာပဲ ကျည်က။ အဲ့လိုရှိတဲ့နေရာတွေမှာ ထိုင်းဘက်က သဘောတူခဲ့ရင် ကျွန်တော်တို့အတွက် ပြဿနာရှိတာ။ ဖြစ်နိုင်ချေတော့ သိပ်မရှိဘူး။ ထိုင်းနိုင်ငံ ဧရိယာထဲမှာ လူနေအိမ်ခြေတွေရှိရင် ထိုင်းဘက်က ခွင့်ပြုမှာမဟုတ်ဘူး။ အတိုက်အခံအဖွဲ့ကလည်း အမျိုးသား အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာအတွက် လက်ခံမှာမဟုတ်ဘူး။ သူတို့တအားရင်းနှီးပြီး နားလည်မှုတွေ ယူရင်တော့ ကျွန်တော်တို့ (တော်လှန်ရေးအဖွဲ့တွေ) ဘက်ကတော့ အနည်းငယ်တော့ အန္တရာယ်များတာပေါ့။”
ပြီးခဲ့တဲ့နှစ် ဇွန်လကုန်ပိုင်းမှာ KNU နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့စဉ် စစ်ကောင်စီရဲ့လေယာဉ်ဟာ ထိုင်းလေပိုင်နက်ထဲအထိ ဝင်ရောက်ပျံသန်းပြီး KNU ကို တိုက်ခိုက်ခဲ့တာရှိခဲ့ပေမယ့် ထိုင်း-မြန်မာ စစ်တပ်နှစ်ခု ကြား ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေကို မှတ်တမ်းပြုစုနေတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဩဂုတ်လအထိ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကိုးရာကျော်ရှိခဲ့ပြီး အရပ်သား ခုနစ်ရာနီးပါး သေဆုံးသလို ၄၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။