ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား ကိုဗစ်ကူးစက်နှုန်းများပြား

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ နှစ်သစ်ကူးနောက်ပိုင်းကနေ အခုထိချိန်ထိ ကိုဗစ် ရောဂါ ကူးစက်မှုတွေ မြင့်တက်နေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ရာနဲ့ချီ ကူးစက်ခံနေရပါတယ်။

"ချင်းမိုင်မှာ ခြောက်ယောက်စစ်လိုက်ရင် တစ်ယောက်က ဖြစ်နေတယ်"

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ မိသားစုလိုက် ကိုဗစ်ရောဂါ ကူးစက်ခံရမှုတွေ ရှိနေသလို၊ အလုပ်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ အများအပြား ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရတယ်လို့ ချင်းမိုင်မြို့က ရွှေ့ပြောင်းမြန်မာ အလုပ်သမားအရေးနဲ့ အမျိုးသမီးအရေးတွေ ဆောင်ရွှက်ပေးနေတဲ့ ဒေါ်စောရင်က ပြောပါတယ်။

“အခုက မိသားစုအားလုံး အရင်က တစ်အိမ်မှာ တစ်ယောက်လောက်ပဲကူးတာ၊ အခုက အများကြီး ကူးစက်လာတယ်လို့ ပြောလို့ရတယ်။ အခြေအနေ (လက္ခဏာ) မပြလို့ သိတဲ့အချိန်မှာ မိသားစုအားလုံး ကူးပြီ။ သိတဲ့အချိန် နောက်ကျသွားပြီ၊ အကုန်လုံးကို ကူးသွားပြီပေါ့နော်။ မနေ့ကတုန်းက အလုပ်ရုံအားလုံးကို ပိတ်ထားတယ်။ အားလုံး ၄၀ ကျော်ရှိတယ်။ ယောင်္ကျားလေးနဲ့ မိန်းကလေးပေါင်းလို့ရှိရင်တော့၊ အများကြီး ကူးစက် လာတယ်လို့ ပြောလို့ရတယ်။ အလုပ်ပန်းရံလုပ်ငန်းဆိုရင် ပိတ်ထားတယ်။ ၈၀ အိမ် ထောင်ရှိတယ်”

ချင်းမိုင်မြို့မှာ လူ ခြောက်ဦး စစ်လိုက်ရင် တစ်ဦးနှုန်း ရောဂါပိုးကူးစက်ခံနေရပြီး ကချင် ခရစ်ယာန်ဘုရားကျောင်းက ဘာသာဝင် ၅၀ လောက် ကိုဗစ်ရောဂါ ကူးစက်ခံနေရတယ်လို့ ကချင်ခရစ်ယာန်ဘုရားကျောင်းက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးနော်ဆိုင်းက ပြောပါတယ်။

“ချင်းမိုင်မှာ ခြောက်ယောက်စစ်လိုက်ရင် တစ်ယောက်က ဖြစ်နေတယ်။ တစ်ရက်ကို နှစ်ရာ သုံးရာလောက် ပါနေတယ်။ ကျနော်တို့ ချင်းမိုင်မှာ ကချင်အသိုင်းအဝိုင်းထဲမှာ ဆိုရင် ၅၀ လောက်ရှိတယ်။ တခြား church ရှိတဲ့ ကချင်တွေလည်း တော်တော်ဖြစ်ကြ ပါတယ်။ ဒီ second wave တို့ thirth wave တို့မှာ မဖြစ်သေးတဲ့လူတွေ ဒီတစ်ခေါက်က ၈၀ ရာခိုင်နှုန်း ကိုဗစ်ဖြစ်ကုန်ပြီ”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့နောက်ပိုင်းကနေစပြီး ချင်းမိုင်မြို့မှာ တစ်ရက်ကို မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် ၃၀၀ လောက် ကူးစက်ခံနေရတယ်လို့ ဦးနော်ဆိုင်းက ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့က ဆေးရုံမှာစစ်ပြီး ကိုဗစ်ရောဂါပိုး တွေ့တယ်ဆိုရင် ဆေးဝါးကုသမှုကို နေအိမ် ဒါမှမဟုတ် ယာယီဆေးရုံတွေမှာ သီးသန့်နေရာချထားပေးပြီး ကုသပေးသလို၊ အစားအသောက်တွေလည်း ထောက်ပံ့ပေးနေတယ်လို့ သူက ပြောပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတစ်ခုဖြစ်တဲ့ Grace ဘုရားကျောင်းက ဘာသာဝင် ၃၆ ယောက် မှာလည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရပါတယ်။ သူတို့အတွက် ဆေးဝါးကုသမှုနဲ့ စား ဝတ်နေရေးအတွက် အခက်အခဲမရှိပေမယ့် အလုပ်နားလိုက်ရတဲ့အတွက် နေထိုင်တဲ့ အိမ်ခန်းခနဲ့ ဆက်လက်ရပ်တည်ဖို့ အခက်အခဲရှိနေတယ်လို့ အဲဒီဘုရားကျောင်းက သိက္ခာတော်ရ ဆရာစတီဗင် ဂေါင်ဒီးက ပြောပါတယ်။

“ပြဿနာတစ်ခုကတော့ ဘာလဲဆိုလို့ရှိရင် အလုပ်တွေ နားလိုက်ရတာ အဲဒါအတွက် ပြဿနာက အားလုံးက ၁၀ ရက်တိတိ အလုပ်မသွားရဘူး။ အဲဒီလိုဆိုတော့ လစာက ရဖို့၊ မရဖို့ သူဌေးကောင်းတဲ့ သူဌေးက နားလည်တယ်။ အဲဒါက အခက်အခဲရောက်တယ်။ စားဖို့က ပြဿနာမရှိဘူး။ တစ်ချို့က အိမ်ခန်းခငှားရတာ အခုအလျှင်မီ ပြန်မပေးနိုင်မှာ စိုးရိမ်နိုင်ကြတာရှိတယ်။ ခက်ခဲမှုကို ပြောမယ်ဆိုရင် ရောဂါကြောင့် ခက်ခဲတာ မဟုတ် ဘဲ ရောဂါရဲ့ Effedက အလုပ်မှာသွားထိတော့ သူတို့ ရှေဆက်ရမယ့် အရာအတွက် တွေ့ကြုံရတယ်။ သူတို့ လုပ်ငန်းပြန်စဖို့ သူတို့ recovered ပြန်ဖြစ်ဖို့ အဲဒါခက်ခဲမှုတွေ ရှိသွားတယ် အဲဒါလောက်ပါပဲ”

myanmar-worker.jpg
(ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေတာကို ၂၀၂၁ ဧပြီ ၂ ရက်နေ့က တွေ့ရစဉ်) Photo: AFP

ချင်းမိုင်မြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀ ရာခိုင်နှုန်းလောက်က ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိ ထိုးပြီးသွားပြီလို့ အလုပ်သမားအရေး ဆောင်ရွက် သူတွေက ပြောပါတယ်။

ချင်းမိုင်ခရိုင်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကိုဗစ်ရောဂါ ပိုးတွေ့လူနာ ၂၂၆ ဦးရှိပြီး တစ်ဦး သေဆုံးခဲ့ပါတယ်။ ATK နဲ့ စစ်ဆေးမှုမှာ ပိုးတွေ့သူ ၁၅၇၆ ဦးကျော်ရှိတယ်လို့ ချင်းမိုင်ခရိုင် ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းတစ်နိုင်ငံလုံးမှာ အခုရက်ပိုင်း နေ့စဉ်ဆိုသလို ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက် နေပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကိုဗစ်ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၆၃၃၀ ဦး ကျော်ရှိပြီး သေဆုံးသူ ၂၅ ဦးရှိတယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။