ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားတွေ ပိတ်ပစ်မယ်လို့ ကရင် BGF ခြိမ်းခြောက်
2023.06.06

မြန်မာစစ်ကောင်စီရဲ့ တောင်းဆိုချက်အရ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ရွှေကုက္ကို အထူးစီးပွားရေးဇုန်ကို ထိုင်းလျှပ်စစ်ဓာတ်အားပို့လွှတ်ရေးအဖွဲ့ (PEA) က လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားတွေကို ပိတ်ပစ်မယ်လို့ ကရင်နယ်ခြားစောင့်တပ်က ခြိမ်းခြောက်ခဲ့ကြောင်း ထိုင်း The Nation သတင်းစာက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရဲမှူးကြီး မိုဆက်ကောကတော့ ထိုင်းနိုင်ငံဘက်ကနေ နယ်စပ်ဖြတ်ကျော်ပြီး ရွှေကုက္ကို အထူးစီးပွားရေးဇုန်ကို လျှပ်စစ်မီးပေးပို့ဖို့ သဘောတူစာချုပ်ချုပ်ထားတာ ဇွန်လ ၅ ရက်နေ့မှာ ပြီးဆုံးသွားတဲ့အတွက် လျှပ်စစ်မီးမပေးတော့တာလို့ ပြောပါတယ်။ လောလောဆယ် ကရင် BGF တပ်ဖွဲ့ဟာ ထိုင်းနိုင်ငံက ပို့လွှတ်နေတဲ့ လျှပ်စစ်ဓာတ်အားအတွက် အစားထိုးဖို့ ကြိုးစားနေချိန်မှာ ရွှေကုက္ကိုဒေသခံတွေ မီးပြတ်တောက်မှု ဆက်ပြီးကြုံနေရဦးမယ်လို့လည်း ဆိုပါတယ်။
လျှပ်စစ်မီးဖြတ်တောက်လိုက်တဲ့နောက် ရွှေကုက္ကိုမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းဘက်ကို ရောက်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့လည်း ထိုင်းရဲမှူးကြီးက ပြောပါတယ်။ ထိုင်းဘက်ကိုရောက်လာမယ့် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်လွှတ်မှာဖြစ်ပြီး နိုင်ငံခြားသားတွေကတော့ ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ချစ်ကြည်ရေးတံတားတွေနဲ့ အနီးတစ်ဝိုက်ကို လုံခြုံရေး တိုးမြှင့်ထားတယ်လို့လည်း ထိုင်းရဲက ပြောပါတယ်။